နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, December 5, 2012

မိခင်တစ်ယောက်၏ရင်တွင်းသို့ မြင်တွေ့မိခြင်း

အမေ.....
အသက်ကခြောက်ဆယ်ကျော်
လူမမာကျနော်နံဘေး
အပျိုဖျန်းလေးတစ်ဦးနှယ်ပြုစု
ညလုံးပေါက်အိပ်စက်မှုကိုလည်း
အမေ မပြုခဲ့ဘူးလေ ။

ထိုမခိုက်......
အမေ့ရဲ့မျက်ဝန်းနက်နက်ကြား
အမေ့ရင်တွင်းစကားတို့
ကျနော်   မြင်,ကြားခဲ့ရ
အမေပြောနေတာက ဤသို့ ဤနှယ်
သြော်...ဤသည်ရယ်ပေါ့ ။

လူလေး.....
ဘယ်လိုနေသေးလည်း
သက်သာရဲ့လားကွယ်
ရင်ထဲမှာတလှပ်လှပ်ဖြစ်
ခေါင်းကတဆစ်ဆစ်ကိုက်သေးလား ?။
စိတ်လေးကိုလျော့ထား
နှာသီးဖြားစီအာရုံပို့
ရှူသွင်းလို့ဝင်လာတဲ့လေ
`၀င်လေ`လို့မှတ်
ရှိုက်ထုပ်တဲ့အခါ ထွက်သွား
အဲဒါ`ထွက်လေတဲ့`သားရဲ့
ဝေဒနာပေါ်သတိချပ်
ရှု့မှတ်ကွယ့် ၀ိပဿနာ
လောကမှာအမြတ်ဆုံးဆေး
လက္ခဏာရေးသုံးဖြာ
`ဗုဒ္ဓ`ဖော်ပေးခဲ့တာလေ
နှစ်ပေါင်း(၂၅၀၀)ကျော်ခဲ့ပေါ့ သားရယ်။
လူလေးခံစားရတဲ့ဝေဒနာ
ပေါ့ပါးလာလိမ့်မယ်
သတိကပ် ရှု့မှတ်
ဖြစ်,ပျက်ရဲ့သဘောကိုနားလည်
လူလေးရယ်......
လောကနိဗ္ဗန်ဆိုတာ အဲသည်မှာကွယ့် ။

အင်း...လူလေး...လူလေး
အမေလည်းလောကီသွေးမို့
ပူမိသေးရဲ့ကွယ် ။
ညညဆိုအချိန်တန်မအိပ်
လူလေးအခန်းက
ဘယ်တော့မှ မီပိတ်တယ်မရှိဘူး ။
အစားအသောက်ကိုပုံမှန်မစား
ဂျေးမများတဲ့ အမေ့သား
ဘယ်မှာလာ အားဖြစ်မလည်းကွယ် ။
အလုပ်ကပြန် တဖန်နား
တအောင့်နေမှ ရေချိုးပေါ့သားရယ်
ခုတော့....မင်းနှယ်
ပူတယ်ဆိုမဆိုင်းမတွ
ရေကိုအငမ်းမရချိုး
ကဲ.....ခုလိုမျိုးဖြစ်တော့
ဘယ့်နှယ်လုပ်မလည်း
မင်းပဲ ခံရတယ်မဟုတ်လား ?။

တစ်ဖက်သားကိုအားနာ
အရာရာကူညီတက်
အမေ မပြောရက်လို့ကြည့်နေ
တစ်နေ့  အခက်ပွေမှာတော့စိုးသား၊
မင်းအစ်ကိုကြီးကိုကြည့်စမ်းသား
လောကရဲ့အေးချမ်းရာ
သူ့မှာ တစ်နေရာရ
ဘယ်လောက်ငြိမ်းလှလည်း
သူ့အတွက် အမေ ဂုဏ်ယူ
မင်းကိုလည်း`သူ့လိုလူ`ဖြစ်စေချင်တာ
အဲဒါ`အမေမှားလားကွယ်`ဟင်။

လူလေးရယ်.....
ငယ်ကတည်းက မင်းကချူချာ
အဖတ်မတင်မှာ အမေစိုးခဲ့ရ
ကြီးပြန်တော့ တစ်ခါပူ
မင်းက ငူတူတူနဲ့လေ။
စိတ်မချဘူး သားရယ်
မင်းအစ်ကိုများနှယ် မင်းကမဟုတ်
ဘာလုပ်လုပ် တကုတ်ကုတ်ပြီးနိုင်ဘူး။
တစ်ချိန်က......
မင်းအဖေ ပြောဘူးရဲ့သား
`ဒီကောင်လေးယောက်မြောက်
အတော် ထိန်းရကသိကအောက်နိုင်မည့်သား`တဲ့
ခုတော့.....
မင်းက မင်းအဖေပြောသလိုမဟုတ်
အေးအေးကုတ်ကုတ်နေလွန်းအားကြီးတယ်ကွယ် ။

အမေသိတာပေါ့
မင်းက ခံစားချက်လွန်ကဲ
ဘယ်တော့မှ ပေါက်ကွဲမည့်သားမဟုတ်ဘူး
မင်း ဘာသာ မင်း မျိုသိပ်
တစ်ယောက်တည်းကြိတ်ခံစား
မိဘကို စိတ်ချမ်းသာအောင်ထားမည့်
သားဆိုတာ......။
သိပါသကော လူလေးရယ်
အမေသိတာပေါ့
ညညဆိုတကုတ်ကုတ်
မအိပ်ပဲ မင်းဘာတွေလုပ်နေတယ်ဆိုတာ
မပြောသာလို့သာပေါ့
အမေလည်း ငယ်ရာကကြီးလာတာလေကွယ့်
လူငယ်ဘာဝ ဝေဒနာ
မင်းမှာရှိနေတယ်အဟုတ်လား ?။

ဒါပေမယ့် လူလေးရယ်.......
အိပ်ရေးပျက်တွေလည်းအရမ်းမခံပါနဲ့
ခံစားချက်ကိုလည်းရှေ့တန်းမတင်ပါနဲ့
မင်းဘ၀ ရှေ့ဆက်ရမည်းလမ်း
လောကဓံကြမ်းနဲ့လည်းတွေ့နိုင်တယ်
ခရောင်းလမ်းနဲ့လည်းတိုးနိုင်တယ်
မင်း ခံနိုင်ရည်မရှိမှာစိုးလို့ပါ
အားအင်ကိုခြွေတာမှပေါ့  သားရယ် ။

အမေစိတ်ချမယ်နော် လူလေး
အမေတို့ မရှိတော့ရင်
လူလေး လောကလွင်ပြင်မှာရွက်လွှင့်
(ဘယ်တော့မှ)
နော်ကတွန့်တဲ့သူ မဖြစ်စေချင်ဘူး။
ခံနိုင်ရည်အားကိုများများစု
ဘ၀တစ်ခုကို အကောင်းဆုံးတည်ဆောက်
မင်းအစ်ကိုတွေလို
ဘယ်သူ့ကိုမှ ဒူးမထောက်တဲ့သူ ဖြစ်စေချင်တယ်။
အထူးသဖြင့် မင်းအဖေပေါ့
သူ....ကျေနပ်မည့်သား
မင်းဖြစ်အောင်ကျိုးစားကွယ့်နော် ။

ကဲ...ကဲ...လူလေးရယ်
အမေ ပြောတာလည်းများလှပြီ
မီးဖိုစီ ခဏပြေး
မနက်စာလေးနွှေးလိုက်ဦးမယ်
အိပ်ကွယ် လူလေး အိပ်
မျက်လုံးလေးမှိတ်
အိပ်....ပျော်အောင်အိပ်နော်
လင်းကြက်ဆော်တဲ့အခါ
လူလေးမျက်နှာ ၀င်းပ
ဝေဒနာကင်းတဲ့ သားအလှ ကို
    အမေ  တွေ့ပါရစေ လူလေးရယ်.....။

No comments:

Post a Comment