နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, January 27, 2013

ရှေ့တုန်းက ပုဂံပြည်

ရှေ့တုန်းက ကျုပ်တို့ ပုဂံပြည်

သာမောဝေစည်

စေတီရယ်မြင့်မောင်း

တန်ဆောင်း,ကျောင်းရယ်နှင့်

ဇရပ်ငယ် စီရီ

တွေးကြည် ကြည်နူးဖွယ်ပါ့

ဝေးဆီ နှစ်များကိုလ

(...ကွယ်...)

မှန်းဆ တလွမ်း.....။

===========

ဝန်ခံခြင်း=ဤ"လွမ်းချင်း"ကဗျာလေးကိုပန်းချီပုံလေးတစ်ခုမှပေသော အတွေးဆလေးတစ်ခုကို ဆင့်ပွားရေးဖွဲ့မိပါသည်...။

လွတ်ကျသွားခဲ့လေသော အိပ်မက်တိတ္တုံ

အတ္တထောင့်ချိုးမှာ
ငါဆိုတာ.....
အိပ်မွေ့မိနေတဲ့ နတ်ဆိုးတစ်ကောင်လား-?
ရည်ရွယ်ပြီးမှ ပျက်သွားခဲ့တဲ့ဆေးသားတွေ
စုတ်ချက်ကြောင့်အသက်ဝင်ခဲ့ရတဲ့ ညများ
ထားသွားတဲ့အချိန်ကို တောင့်တလို့
ပြန်စဖို့မဖြစ်နိုင်မှန်း သိတဲ့အသိတစ်ခုကို
မျက်စိက စုံမှိတ်ငြင်းဆန်ထားခဲ့....။
ငှက်တစ်ကောင်ဘ၀အဖြစ်နဲ့သာ ဆိုရင်ပေါ့
ဟို မိုးမြင့်ကောင်းကင်ဆီ ခါခါကျော့
ဦးမော့ပြီးတက်လိုက်ချင်ရဲ့
အလင်းရောင်တစ်ခုခု တွေ့လို့တွေ့ငြား...။
စဉ်းစားထားတဲ့ဆေးသားက မှုန်နံ့သာချယ်ဖို့ပါ
ခုတော့...အယုံလွယ်တဲ့ ငါ့အတ္တက
တစ်ထောင့်စာနေရာမှာ ငါ့ကိုချော့သိပ်လို့
အင်းအာတွေ သိပ်အလုပ်ဖြစ်မလာခဲ့ဘူး။
ရင်းစားစရာမြေတစ်ခု ဘ၀ကိုလွှမ်းမိုးမှုနဲ့အတူ
ဦးညွှတ်နေရတဲ့ဝမ်းရေးအစိုင်အခဲကလည်း
သဲဝဲတစ်ခုလို လှုပ်လေမြုတ်လေနဲ့
စိတ်ကို တစ္ဆေနှယ်ခြောက်လှန့်ဆဲ။
ကျောနောက်ဘတ်ထဲ
အသာဝဲကြည့်ပြန်တော့ တစ်ခါ
တုန်ချိသောလက်နှစ်စုံက ငါ့နှလုံးသားကိုဖျစ်ညှစ်လို့
အိပ်မက်များနဲ့ဝေးခဲ့ရ....။
ခုတော့.....
အင်း....ခုတော့ပေါ့လေ
"ရှိပါစေ"ဆိုတဲ့ ဖြေဆေးတစ်လက်ကိုပဲ
ငါ့အသက်ကို စောင့်ကြပ်ဖို့
ငါကိုယ်တိုင်ဖော်စပ်ပေးခဲ့ရတယ်
စိတ်ကူးနှင့်ငါ့ဘ၀ပင်လယ်
ရွက်မဲ့နေမယ်ဆိုတာ သိသိနဲ့....။

အမေ့ရုပ်ရည်

လောကဓံရိုင်း
ထင်ရာစိုင်းလည်း
တုန်လှုပ် ဟန်မပြင်
သူ့ရုပ်သွင်သည်
မာန်စွယ်ဝင့်ကား
ခြင်္သေ့လားသို့....။

ကြမ္မာငင်လှိုင်း
စုန်ကာစိုင်းလည်း
ကြောက်ရွံ့ ဟန်မပြင်
သူ့ရုပ်သွင်သည်
ထည်းတည်းအံတု
ကျောက်သားထုသို့....။

ဘ၀မုန်တိုင်း
ထန်လာတိုင်းလည်း
လှည့်ထွက် ဟန်မပြင်
သူ့ရုပ်သွင်သည်
စစ်မြေပြင်ထွက်
သူရဲခက်သို့....။

သမီးသားရှေ့
အားအင်ပြည့်နှင့်
မားမားရပ်တည်
ဘေးမသီအောင်
ဦးဆောင်ဆီးတား
ဆင်ပြောင်အားရှင်
သူ့ရုပ်သွင်သည်
ဇရာဖိတိုင်
မယိမ်းယိုင်ဇွဲ
အားမာန်ခဲ၍
ပြုံးမြဲပွင့်စေ
ပန်းတို့ဝေသည်
ရေကြည်မေတ္တာ  ဖျန်းတကား။
====================

ရည်ညွှန်း=အားလုံးသောသက်ရှိ သတ္တ၀ါတို့၏ မိခင်များစွာကိုရည်ညွှန်းဖွဲ့သီပါ၏...။

Friday, January 25, 2013

ညရဲ့ခရီးသည်


လရောင်ခမ်း၍ 

ဆောင်နန်းညမြေ

တိတ်ဆိတ်ချေပြီ။

အဝေးဆီမှ
နီယွန်စလွှမ်း
ညမီးပန်းလည်း
သူ့လမ်းမှောင်ရိပ်
မချော့သိပ်နိုင်
ချိနဲ့ယိုင်မှေး
လင်းရောင်ပြေးပြီ။

ကိုင်းမှေးယှက်တင်
ရွက်ခက်ပင်တို့
တီးတိုးသဲ့သဲ့
ခြေသံနွဲ့၍
ဖော်မဲ့ညမြေ
ယိမ်းကချေပြီ။

တောင်အီရပ်များ
စေစားအသံ
ပဲ့တင်ဟန်ထွက်
ယှက်တိုက်လျှက်သား
ဆောင်းနှင်းကြား၌
ညကားနစ်နေ
အိပ်စက်ချေပြီ။

ညမြေမဟီ
နှင်းဝေသီဖျန်း
သန်းခေါင်လမ်းမှာ
လျှောက်လှမ်းအလာ
ငဲ့ကြည့်ပါသော်
အဖော်မရှိ
လမ်း၏ရှေ့နောက်
ကိုယ့်တစ်ယောက်သာ
လျှောက်လျှက်သာတည်း ဤညခရီး...။

အသူရကာယ်တေးသွား

ကလိုက်ကြ,ခုန်လိုက်ကြ
ဥပါဒါန်အောက်က ဘ၀များ...။

ဆိုလိုက်ကြ,ငြီးလိုက်ကြ
အ၀ိဇ္ဇာသံပေါက် ဧချင်းများ...။

အတည်မကျတဲ့ရင်းစားမှုတွေ
မပီသတဲ့ဆေးသားအတုတွေ
အရိပ်ထိုးနေတဲ့ ည
မျောက်မင်းအူသံ သဲ့သဲ့
ယိမ်းနွဲ့လို့ထွက်လာတယ်၊
ပြီး...တိတ်ဆိတ်
အမှောင်တံခါးလည်းပိတ်ပေါ့။

တိုးတိုးတိတ်တိတ် အသံတစ်ခု
"ငိုသံ"ဟုပဲထင်
လေဟာနယ်လွင်ပြင်သို့ ပြုတ်အကျ
အင်း....
အဲဒါသာ.......ဂီတဆိုရင်
အဲဒါသာ.......တေးအလှဆိုရင်
အဲဒါသာ.....သံစဉ်အကျဆိုရင်
ကဲ...ကျနော်မပြောလိုဘူး
"melody note" သာထုပ်ကြည့်လော့......။
----------------------------------------------

ဝန်ခံခြင်း=အမြင်,အကြား ပုဂ္ဂလိကအတွေးစလေးတစ်ခုကို စွဲဆန့်ကြည့်ရုံသက်သက်မျှ....။


အချစ်ဦး

သံယောဇဉ် လေညှင်းက

ဝေ့ရင်း တိုက်အလာ

စွဲခဲ့မေတ္တာ...။

 

 ရင်ထဲမှာသာ

သူ့ရုပ်လွှာ လ,ရေး...။

 

ကြင်နာပို ရင်ခွင်ထက်မှာ

ထင်လျှက်ကွယ်လေး...။

ရင်ကွဲဆုတောင်း

ကြင်နာပို ရင်ဦးမို့
ကြည်နူးဖွဲ့ ရည်သစ္စာ
ထားခဲ့လေရှာ။
ခွဲဖို့ရန် ကံဇာတာ
ပါပါလေလား ချစ်ထွေး။
မောင့်မေတ္တာ ခိုင်ကြည်တုန်းမှာ
မုန်းပစ်ခွါပြေး...။

မေတ္တာပို ချစ်ဦးမို့
ရည်စူးဖွဲ့ ထားသစ္စာ
ယုံခဲ့လေရှာ။
ပုံအပ်တဲ့ သည်မေတ္တာ
ပစ်ခွါလို့ သူပြေး။
ချစ်ကံခေ သည်အရေးမှာ
ဆွေးရပေါ့လေး...။

သစ္စာဆို ရည်ညွှန်းလို့
တင်သွင်းရဲ့ တောင်းဆုလွှာ
ဗုဒ္ဓမြတ်စွာ။
ကံပေးတဲ့ သံသရာ
ဖန်ခါသာ လည်မနှေး။
ချစ်ကြမ္မာ ကြည်ဖြူရေးမှာ
ဖေးကူပါ့လေး...။

သားသည်မိခင်

ဝမ်းကြာတော် သန္ဓေခတော့
ဟန်လှပေါ့ ပြုံးပျော်ရွှင်။
သားကိုမင် ဘယ်သို့ရက်
မွေးမြတ်သရှင်...။

သမီးကိုမင်
ဆန်းနက်ယှဉ် ချဥ့်တွေး။
ကျုပ်ကူဖော် နုနုထွေး
မွေးလိုက်မယ်လေး...။

အတွေးနဲ့ မွေးမယ်ပျော်
ဆယ်လနော် ၀န်ထွေး။
စား,အနေ ဆင်ခြင်တွေးလို့
သားမယ်တော် သန္ဓေသွေးကို
ထိန်း-စောင့်-ကာ ပေး...။

ရည်ညွှန်း=ဤကဗျာဖြင့် ရောက်လာလတံ့သောပြာသိုလ်လပြည့်(အမေနေ့)သို့ ဦးခိုက်ပူဇော်ပါ၏....။
 -----------------------------

ခတ်ဆစ်အညွှန်း။   
ဝန်ထွေး=၀န်ထုပ်/၀န်ပိုးကို ထွေးပိုက်ထားခဲ့သည်။
ထိန်း=ထိန်းသိမ်းခြင်း/ထိတ်းသိမ်းခဲ့သည်။
စောင့်=စောင့်ရှောက်ခြင်း/စောင့်ရှောက်ခဲ့သည်။
ကာ=ကာကွယ်ခြင်း/ကာကွယ်ခဲ့သည်။

တူနှစ်ကိုယ် မေတ္တာ

ချစ်မိလေသည်
သစ္စာရည်ထုံး၊မြတ်နိုးဆုံးမို့
မမုန်းမေတ္တာ၊ရင်ထက္ခရာတင်
သံသာခွင်၌၊ရွှင်ပျော်မဆုံး
ကြင်နာဆုံးနှင့်၊ကမ္ဘာဆုံးတိုင်
တွဲလက်ခိုင်ယှက်၊လျှောက်လျှက်နေချင်
သွယ်ကြိုးငင်သည်
ရွယ်ကိုးခွန်းဟ မောင့်မမ...။

ခွန်းဆင့်ခြွေသည်
မေတ္တာသီကုံး၊ကြင်နာထုံး၍
မမေ့ဆယ်ကမ္ဘာ၊မောင့်သစ္စာကို
ရင်လွှာမှာဖူး၊ရွှင်ကြည်နူး၍
သံသရာဆက်၊တွဲခိုင်ယှက်ကာ
လိုက်ဖို့မေပြင်၊ချစ်နေချင်သည်
သိစေချင်လှ ခွန်းတုန့်ဟ...။

သစ္စာရေကြည်
သက်ဝေသီထား၊မှာစကားကြောင့်
ရွှင်အားစိတ်ဘွင်၊လန်းရွှင်နှလုံး
မေတ္တာထုံး၍၊ပျော်မဆုံးရင်
စိတ်ကူးစဉ်၌၊ပီတိယှက်သန်း
နာဂါတ်လမ်းမျှော်၊ပုံရိပ်ဖော်ကြည့်
ပျော်နေမိသည်
ဖော်ဆွေရှုမ၀ မောင့်မမ...။

ယုံစားလေသည်
ချစ်ခွန်းဖွဲ့သီ၊မေတ္တာရည်ထား
မေ့သက်ထား၏၊မျက်နှာသွင်ပြင်
ကြင်ကြင်မွေ့မွေ့၊ရွှေရင်ပွေ့ကာ
ပျော်မွေ့နှလုံး၊ကြည်ရွှင်ပြုံးစ
နမ်းလှလှဖြင့်၊ခယဖူးခြွေ
ချစ်ရွှင်းဝေသား၊ပျော်စေအားမည်
ဘုန်းဆွေလူလှ အေးစေပါ့။

ပုံးထားလေသည်
မေတ္တာသီပန်း၊ချစ်ခရီးလမ်း၌
တူလှမ်းလိုက်လာ၊မောင့်သက်လျာကို
ချစ်ကြည်ညိုစွဲ၊ရွှေရင်သဲနှင့်
ရှေ့ထဲလျှောက်ကာ၊ဆူးခရောင်းလာစေ
မှုပါလေပါ့၊တားစီးပြ၍
ရှေးကမှတ်တမ်း၊ချစ်သူ့လမ်းထွင်
ဗယ်လ်တိုင်းရင်၌၊နားခိုမှေးစက်
ချပဏ္ဍတ်တင်၊သစ္စာစဉ်သား
ယုံလင့်အားဟု၊ထားဆုပန်ရည်
မောင့်မဟေသီ
ဘေးမည်မခ အေးစေပါ့...။

ဆုံးသက်ရည်သည်
သစ္စာချည်ထုံး ၊ ချစ်ကြည်ပြုံးကာ
မောင်လှမ်းဌာနေ ၊ ဆူးခရောင်းမြေခ
လျှောက်လှမ်းရလည်း ၊ မပြောင်းဘယ်ခါ
ချစ်ကြည်သာ၍ ၊ မောင့်ရင်ခွင်နွေး
ခိုဝင်မှေးစက် ၊ ချစ်မပျက်ပေ
ချစ်ခွန်းခြွေ၍ ၊ ဗယ်လ်တိုင်းဒေး
စံပြုတေးဆို၊သံသာအိုတိုင်
မယိမ်းယိုင်သည်
အေးခိုင်ကြည်၍ ငြိမ်းစေပါ့....။
  --------------------------------------

ခတ်ဆစ်အညွှန်း....။            
ရင်ထက္ခရာ=ရင်ခွင်ထက်၌အက္ခရတင်ခြင်း/အက္ခရာတင်၍။
သံသာ=သံသရာ။
ဘွင်=ဘ၀င်။

ဝန်းခံခြင်း=ဤပိုဒ်ဆုံလေးလုံးလင်္ကာစပ်လေးကို "လရိပ်လေး"မှ ကူညီဖြည့်စွတ်၍ အဖြေဘတ်မှရေးစပ်ပေးပါသည်...။


အနှိုင်းမဲ့ အမေ

အမြင့်ပို
တောင်မြင့်မိုရ် အံတု။
ဖက်ပြုလို့ ဘယ်သူပြိုင်
နိုင်ပါ့မယ်မေး...။
မွေးမယ်တော် မေတ္တာနွေးနဲ့
ပြိုင်ဦးကွယ့်လေး...။

အအေးပို
သီတာဆို မြစ်ထွေး။
ယှဉ်ပြေးလို့ ဘယ်သူပြိုင်
နိုင်ပါ့မယ်မေး...။
မွေးမယ်တော် မေတ္တာအေးနဲ့
ပြိုင်ဦးကွယ့်လေး...။

တေးချိုချို
ကရ၀ိတ်ဆို သူ့တေး။
သီကြွေးလို့ ဘယ်သူပြိုင်
နိုင်ပါ့မယ်မေး...။
မွေးမယ်တော် သားချော့တေးနဲ့
ပြိုင်ဦးကွယ့်လေး...။
--------------------

ရည်ညွှန်း=ဤကဗျာဖြင့် ရောက်လာလတံ့သောပြာသိုလ်လပြည့်(အမေနေ့ေ)သို့ ဦးခိုက်ပူဇော်ပါ၏။


Monday, January 21, 2013

စိတ္တဇအလွမ်း

မေ့သွားမလား-?

နေ့များအသင်္ချေ

ဝေးနေကာလ

မတွေ့ကြရင်...။

 

မေ့ထားမလား-?

ရွှင်းစားရီဝေ

ချစ်ခွန်းခြွေပွေ့

ကြည်နူးနေ့တွေ...။

 

တွေးလေမချိ

ပကတိနေ့

အလွမ်းမွှေ့ရာ

မဖြေသာနွမ်း

ရင်မှာကျွမ်း၍ ကြွေလုလု။

ညရဲ့ခရီးသည်

လရောင်ခမ်း၍
ဆောင်နန်းညမြေ
တိတ်ဆိတ်ချေပြီ။

အဝေးဆီမှ
နီယွန်စလွှမ်း
ညမီးပန်းလည်း
သူ့လမ်းမှောင်ရိပ်
မချော့သိပ်နိုင်
ချိနဲ့ယိုင်မှေး
လင်းရောင်ပြေးပြီ။

ကိုင်းမှေးယှက်တင်
ရွက်ခက်ပင်တို့
တီးတိုးသဲ့သဲ့
ခြေသံနွဲ့၍
ဖော်မဲ့ညမြေ
ယိမ်းကချေပြီ။

တောင်အီရပ်များ
စေစားအသံ
ပဲ့တင်ဟန်ထွက်
ယှက်တိုက်လျှက်သား
ဆောင်းနှင်းကြား၌
ညကားနစ်နေ
အိပ်စက်ချေပြီ။

ညမြေမဟီ
နှင်းဝေသီဖျန်း
သန်းခေါင်လမ်းမှာ
လျှောက်လှမ်းအလာ
ငဲ့ကြည့်ပါသော်
အဖော်မရှိ
လမ်း၏ရှေ့နောက်
ကိုယ့်တစ်ယောက်သာ
လျှောက်လျှက်သာတည်း ဤညခရီး...။

အသူရကယ်တေးသွား

ကလိုက်ကြ,ခုန်လိုက်ကြ
ဥပါဒါန်အောက်က ဘ၀များ...။

ဆိုလိုက်ကြ,ငြီးလိုက်ကြ
အ၀ိဇ္ဇာသံပေါက် ဧချင်းများ...။

အတည်မကျတဲ့ရင်းစားမှုတွေ
မပီသတဲ့ဆေးသားအတုတွေ
အရိပ်ထိုးနေတဲ့ ည
မျောက်မင်းအူသံ သဲ့သဲ့
ယိမ်းနွဲ့လို့ထွက်လာတယ်၊
ပြီး...တိတ်ဆိတ်
အမှောင်တံခါးလည်းပိတ်ပေါ့။

တိုးတိုးတိတ်တိတ် အသံတစ်ခု
"ငိုသံ"ဟုပဲထင်
လေဟာနယ်လွင်ပြင်သို့ ပြုတ်အကျ
အင်း....
အဲဒါသာ.......ဂီတဆိုရင်
အဲဒါသာ.......တေးအလှဆိုရင်
အဲဒါသာ.....သံစဉ်အကျဆိုရင်
ကဲ...ကျနော်မပြောလိုဘူး
"melody note" သာထုပ်ကြည့်လော့......။
----------------------------------------------

ဝန်ခံခြင်း=အမြင်,အကြား ပုဂ္ဂလိကအတွေးစလေးတစ်ခုကို စွဲဆန့်ကြည့်ရုံသက်သက်မျှ....။

ချစ်လွမ်းဝေ(ရွှေမျှောင်)။

Thursday, January 17, 2013

ရင်အနွမ်းနှင့်လွမ်းသည့်တေး


       ရေစက်က အဆုံးသက်ကိုတမင်ဖန်တီးသွားလေရော့သလား အစ်ကို။ကောင်းကင်မှာ မိုးတို့မဲမဲမညိုပါဘူး၊ဒါပေမယ့် ကျနော်ရင်ထဲမှာမဲကတည်းတက်လာနေကြပြီလေ။
သတိရခြင်းအပိုင်းအစများ၊ပြီးတော့ အစ်ကိုပြောဘူးတဲ့ အကြောင်းအရာများစွာ ရင်မှာလာအိပ်စက်လို့။ မှိတ်လျှက်မျက်လုံးနဲ့လည်း မြင်နိုင်စွမ်းရှိနေပါတယ် အစ်ကို။
   "အနာဂါတ်ကိုကြိုမတွေးနဲ့ကြိုတင်ပြင်ဆင်ခြင်းသာ မင်း ပြုလုပ်။စာဖတ်ခြင်းအလုပ်ဆိုတာ ထိုင်ရင်းပဒေသာပင်ပေါက်တဲ့ကိန်းဆိုက်တာကွ၊မင်း  စာဖတ်ရမှာမပျင်းစမ်းပါနဲ့။
ဖတ်ကွာ နည်းနည်းဖတ်။များများမှတ်၊ကျော်မဖတ်နဲ့။ခွမဖတ်နဲ့။သော့မဖတ်နဲ့။နော့မဖတ်နဲ့။ဝတ္ထုဆိုရင် ဇာတ်လမ်းဇာတ်ကွတ်ကို ကွတ်ကွတ်ကွင်းကွင်းမြင်အောင်ဖတ်။ ဆောင်းပါးဖတ်ရင် သူပေးချင်တဲ့သော့ချက် မြင်အောင်ဖတ်။ကဗျာဖတ်ရင် ရသထင်အောင်ဖတ်။သရော်စာဖတ်ရင် အထေ့အငေါ့ကို ကြည့်တက်ရတယ်။ဝေဘန်စာဖတ်ရင်
စာရေးဆရာရဲ့ ထောက်ပြချက်ကို မှတ်တက်ရတယ်။အတ္ထုပ္ပတ္တိဆို ကောင်းကွက်ရှာ၊ရအောင်မှတ်။ဆိုးကွက်ကို သင်္ခန်းစာယူ။ကိုယ့်ကိုယ်ကိုပြန်ပြီးချိန်တိုက်ကြည့်။ ပြီးရင် အားလုံးကိုပြန်သုံးသပ် ။သူတို့ပြောတာ ဟုတ်သလား၊မဟုတ်ဘူးလား။ယုတ္တိရှိရဲ့လား၊မရှိဘူးလား။ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားရတယ်။နောက် အခြားတစ်ဖတ် ဆန့်ကျင်ဘတ်ကနေတွေးကြည့် ပြီးမှဆုံးဖြတ်။ဒါဆိုမင်း လောကမှာနေတက်သွားလိမ့်မယ်" ငါ့ညီ...။
ဆိုသည်လေးတွေကို ကျနော်မမေ့သောမျက်လုံး၊မပျက်သောမှတ်ဉာဏ်တို့နှင့် မြင်လျှက်ကြားလျှက်ပါပဲ အစ်ကို။
                   ရှေ့မြန်မာတို့ထုံးဆန် ဘုန်းတော်ကြီးကျောင်း နံရံကို ကျောမှီရင်း ကျောင်းထွက်လာခဲ့ရတဲ့ အစ်ကို့ရဲ့ ကျေးလက်သဘာဝ ပညာအမွေတွေက
ကျနော့်အတွက် ကျေးရတက်ထက်တန်ဖိုးများစွာ ကြီးမာခဲ့ပါတယ် အစ်ကို။
ခု အစ်ကိုပေးတဲ့နည်းတွေနှင့်ကျနော် စာတွေရေးနေတယ်၊ကဗျာတေးဆိုနေပါတယ် အစ်ကို။ အစ်ကိုပေးတဲ့ ကလောင်လေးကိုလည်း ကျနော်ဖတ်တွယ် မြတ်နိုးဆဲပါ။
အစ်ကိုပြောတဲ့ ဟိုတုန်းက ဆရာတွေအကြောင်းစနည်းနာဆဲပါ။"မြန်မာအရေးမှာ ကဗျာလေးတွေဆိုတာလည်း ရသပေးသည့်နယ်မှာရှိနေတယ်ကွ"ဆိုသည့် အစ်ကို့
စကားလေးကိုလည်း နားစွန့်ဆဲပါ အစ်ကို။ အစ်ကို့ကြောင့်ပဲ ကျနော် အမတ်ကြီးရာဇသင်္ကြန်ကို အားကျစိတ်ဖြစ်တက်ခဲ့ပါတယ်။န၀ဒေးကြီးကို နှစ်သက်ခဲ့မိပါတယ်။
အရှင်မဟာရဋ္ဌသာရနှင့်အရှင်မဟာသီလ၀ံသတို့၏ အဆုံးမအောက်ရောက်ခဲ့ရပါတယ်။လောကနီတိကို တက်မြောက်ခဲ့ရတယ်။သင်ပုန်းကြီးကို ကျေညက်လုနီးပါး
ထောင်ကြက်ခွင့်ရခဲ့ပါတယ်။ဝန်ကြီးပဒေသရာဇာရဲ့"သူဇာ"နှင့်အခြားပျို့ကဗျာ၊ဧချင်းများစွာကိုရင်နှီးကြွမ်းဝင်ခွင့်ရခဲ့ပါတယ်။နတ်ရှင်နောင်နှင့်ဓာတုကလျာ၊စလေဦးပုည်နှင့်
မြ၀တီမင်းကြီးဦးစ၊မမြလေးနှင့်လှိုင်ထိဋ်ခေါင်တင် အစ ဆရာဇော်ဂျီနှင့်ဆရာမင်းသုဝဏ်၊ဆရာမင်းယုဝေနှင့်ဆရာမငွေတာရီတို့အဆုံး ခေတ်အဆက်ဆက် ကဗျာမျက်လုံးပေါင်း
များစွာနဲ့ရင်းနှီးပါတ်သက်ခွင့်ရခဲ့ရပါတယ် အစ်ကို။
                      ပြန်မဆုံနိုင်သောခွဲခွါခြင်းက ကျနော်အသည်းကိုကြေမွစေခဲ့သည်လား မသိ။တွေးမိသမျှ အရာရာကိုအစ်ကို့ပုံရိပ်နှင့်စကားစတို့က လွှမ်းမိုးချယ်လှယ်နေကြပြီ
အစ်ကို။နေညိုမှာဝင်းတဲ့ရောင်ခြည်ဟာ မှောင်သည့်နယ်ကိုဦးတည်သလိုပါပဲလားဗျာ။အစ်ကိုမရှိတဲ့ ကျနော့်ရာသီတွေမှာလည်း မှောင်မိုက်ခြင်းများမနည်းပါပဲ ကြီးစိုးထားရဲ့။
မငိုတက်ဖို့သင်ခဲ့ပေမယ့် ခု...ကျနော့်မျက်နှာပြင်ထက်မှာ မျက်ရည်တို့နှင့်ရယ်ပါ။အစ်ကိုကိုတော့ အားနာရဲ့။မှာထားရက်နှင့်လိုက်နာကျင့်ဝတ်နည်းသူ ကျနော့်အပြစ်ပေါ့ အစ်ကို။
ရှေ့ဆက်ဖို့အင်းအားများစွာ ဖြစ်ညှစ်နေဆဲပါ အစ်ကို။ကြယ်ကိုမြင်နေရပေမယ့် ခူးဆွတ်ခွင့်က ခပ်လှမ်းလှမ်းမှာရပ်နေဆဲမို့ပါ။"အောင်မြင်မှာပါ ကောင်းလေး"ဆိုသည့်
အစ်ကို့ကျောင်းသား ကျနော် မိုးကိုမျှော်ဆဲပါ အစ်ကို။အားပေးဖော် အစ်ကိုမရှိသည့်နောက် ရေကြည်ရာမြတ်နု ရောက်လိမ့်နိုးနဲ့ ကျနော့်အတိတ်တွေလည်း အတော်ဆွေးခဲပေါ့လေ။
"ပစ္စုပ္ပန်ကောင်းရှိသူတွေထံကိုပဲ အနာဂါတ်၏လှပခြင်းတွေရောက်လာအိပ်စက်တက်ရိုးရှိ"ဆိုပြီး ကိုယ်ပိုင်ဖွင့်ဆိုထားတဲ့ ဒဿနလေးကိုပဲ ကျနော်လေ အားကိုတကြီးရင်ခွင်ထဲ
စွဲစွဲထည့်ထားရတယ်။စိတ်ဓာတ်တွေ နေညိုမှာစိုးလို့ပါ အစ်ကို။မိအိုနှင့်ဖအိုကလည်း ကျနော်ရဲ့တစ်ဖက်မှာ အားကိုးရာလက်ကိုစွဲလို့...။ ဒီတော့ စိတ်သွားတိုင်းကိုယ်က
ပါပါမလာတက်ဘူးရယ်ဗျ။
                      အေးချမ်းတည်ငြိမ်ခြင်းကိုဦးတည်ရင်း ဘ၀ကိုစစ်တလင်းနှယ်ကျော်ဖြတ်နေရတဲ့ကျနော့်အတွက် အစ်ကိုမရှိတော့သည့်ရက်တွေဟာခံတပ်ကြီးပြိုသွားသလိုပါပဲ။
ရင့်ကျက်ဖို့အားထုပ်ရင်း ငုတ်ငုတ်ဆင်းသွားတက်တဲ့ဒေါသစိတ်၊အစ်ကိုချော့သိပ်မှပျော်တက်တဲ့ကျနော့်အတွက် ခုတော့အမြတ်ဖြေလင်္ကာတစ်ပုဒ် ဆုတ်ယုတ်သွားသလိုခံစားနေရတယ် အစ်ကို။"အနာကိုဒုတ်နှင်စွမှတော့ မနာရိုးလားကွ၊ဆေးခါးတစ်ခွပ်ဖြစ်စေဦး ဝေဒနာကိုသက်စေနိုင်သည့်နိဂုံးရှိရင် အဲဒါ အားအင်ပဲ"ဆိုသည့်
အစ်ကိုပြောတဲ့နိယာမလေး ကျနော်ပြန်တွေးပြီးဖြေရဲ့အစ်ကို။ခုတော့ ကျနော်ရင်မှာ အသမာတွေပိုများလာသလိုပါပဲ။ဝေဒနာများစွာကို တစ်ယောက်တည်းရင်စီး တင်းခံနေရတယ်။
ကိုယ့်အတွက်မြတ်ရှု့ကောင်းရုံနှင့်မပြည့်စုံမလုံးလောက်တဲ့လောကမှာ မျက်နှာကိုမော့မော့မော်အောင် ကျနော် မနည်းကြိုးစားခဲ့ရတာပါ။အစ်ကိုပေးတဲ့ အားအင်များစွာနဲ့ပေါ့ အစ်ကို။ခုတော့ ကျနော့်ရဲ့နေက ညိုလေပါပေါ့လား-?။
                       "တိမ်တွေငိုလို့ မိုးဖြစ်ခဲ့တာ"ဆိုရင် ကျနော် ခုလိုနေနိုင်တာလည်း အစ်ကိုရင်နဲ့ကျောပိုးခဲ့သည့်ကောင်းကင်အောက်က မိုးစက်တစ်ပေါက်မျှဖြစ်မှာပါ အစ်ကို။
ဒါပေမယ့်  အစ်ကိုကဘယ်တော့မှမငိုခဲ့ဘူးနော်။ကျနော်သိသမျှပေါ့။အစ်ကိုက အမြဲအေးဆဲတည်ငြိမ်နေတက်ခဲ့သူ။"အပူတပြင်း"ဆိုတာ ကျနော်တို့အတူနေလာစဉ်ကာလအတွင်း
အစ်ကို့ရင်တွင်းမှာ ကျနော်ရှာမတွေ့ခဲဘူးဗျ။ရှေ့ကဆူးရှိပါစေ သွားရောက်နိုင်မည့်နည်းလမ်းကို အစ်ကို အမြဲရှာဖွေနေတက်တယ်လေ။အဲ့ဒါ အစ်ကိုပြောတဲ့ "အခြားတစ်ဖက်ကဆင်ခြင်ရန်အကြောင်း"ပေါ့။ကျနော် ကောင်းကောင်းအသုံးမချတက်သေးပါဘူးဗျာ။ပျာယာခက်နေတဲ့ စိတ်အစဉ်တွေနဲ့ အမြဲတမ်း အစ်ကိုစီကိုပဲ ကျနော်ပြေးပြေးလာနေခဲ့မိတာလား။ပေစ္စက္ခမှာတော့ ကျနော်တစ်ယောက်တည်းဖြစ်သွားပြီ အစ်ကိုရေ။လွမ်းနေမိသေးတယ်ဗျာ။ကဗျာဆရာလုပ်မယ်ပြောတုန်းက "မင်း ရင်ခိုင်ရဲ့လား"မေးခဲ့တာလေးကိုပါ။ကျနော့်ရင်တွေ လက်တလောပြိုနေပါတယ် အစ်ကို...။ဒါဟာ အဲသည်တုန်းက မဖြေမိတဲ့ကျနော့်ရဲ့ အကြွေးကျန်မေးခွန်းရဲ့အဖြေတော့
မဟုတ်ပါဘူး။ကျနော် ရင်မခိုင်ပါဘူး အစ်ကို။ဒါပေမယ့် အစ်ကိုပေးတဲ့အားအင်တွေနဲ့ ရင်ကိုခိုင်ခိုင်မတ်အောင်ကျားကန်ထားပါတယ်ဗျ။
                       ကျေးဇူးပါ အစ်ကို...။ဆရာဇော်ဂျီရဲ့"ပြောလိုက်ပါဘိ ဟောပါဘိ"အစချီသော "ညီသက်ဆင်း"ကဗျာများနှင့်ကျနော့်ရဲ့ ဇာတိမာန်တရားတွေကို နှိုးစွးပေးခဲ့တာ၊
ဗေဒါပျော်သည့်လတာပြင်ခြေရင်းမှာ ညိုညိုပြာပြာကို သံစဉ်ထည့်ဆိုငြီးစေခဲ့တာ"၊သင်သေသွားသော်"နဲ့စေတီမြင့်မောင်းပုထိုးကျောင်းကို ကြည်ညိုမြတ်နိုး တန်ဖိုးထားတက်စေခဲ့တာ၊တစ်ခါ...ဘုတ်မအီသံကိုနားဆင်ရင်း လောကဓံမြစ်အတွင်းက ဘ၀အမောတွေကို ခြေဆင်းတစ်ပုဒ်နှယ်ငြိမ်သက်တည်ငြိမ်စွာကျော်ဖြတ်နိုင်စေခဲ့တာ၊
နောက် ဆရာမင်းသုဝဏ်ရဲ့"ပျဉ်းမငုတ်တို"နှင့်သံဝေပို နောင်ရေးကို ခမ်ဖြေးဖြေးချဉ်းကပ်ကြည့်စေခဲ့တာ၊၀တ်ကြောင်မကွာနိုင်သေးသမျှ"ဗောဓိရွှေကျောင်းထဲကလို 'ရွှေစာကိုမောင် ဘယ်နှစ်ဝါသင်မတုန်း'မေးတိုင်း ကဆုန်ဆိုင်းအပြေးနှင်ချင်စိတ် ပေါက်နေဦးမှာပဲကိုယ့်လူ" ဆိုသည့်
အသော့အနော့နှောသော ပြုံးစစဓမ္မသံဝေလေးတွေပေးခဲ့တာ၊ပြီးတော့"သူကအဖြူဆို ကိုယ်ကညိုပြာညက်မယ် ဇွဲမပျက်တမ်း"ဆိုသည့် ဆရာမကြီးငွေတာရီရဲ့
မာန်နဲ့ လောကဓံကိုတွန်းလှန်စေခဲ့တာ၊အားလုံး....အားလုံးအတွက်ကျေးဇူးပါ အစ်ကို။
                        အမှတ်တရဆိုတာ လွန်မှပိုအဆိပ်တက်တက်သည့် မြွေဆိပ်နှယ်အရာမျိုးလား အစ်ကို။တွေ့မြင်ဖို့ အချိန်တွေအိုဟောင်းသွားတော့မှ အစ်ကိုရဲ့ အနန္တကျေးဇူးကို
ပိုဖူးချင်စိတ်ပေါက်လာခဲ့မိသလို သတိရစိတ်လည်းပိုခဲ့မိရဲ့။"နေထွက်သဖြင့်'နေ'ဟုသိတဲ့ အသိမျိုးထက် တန်ဖိုးဖြတ်မရတဲ့ အသိအမြင်များစွာ ကျနော့်ကို အစ်ကို
ချကြွေးခဲ့တာပါလား"ဒီအသိစိတ်က ကျနော့်အတိတ်,အနာဂါတ်,ပစ္စုပ္ပန် ကာလသုံးပါလုံးကို လွှမ်းခြုံနေဦးမည်မှာ အသေချာပါ အစ်ကို။ထိုကြောင့်လည်း ယူကြုံးမရစိတ်,နှမျောတသစိတ်တို့ ရင်၌ တလိပ်လိပ်တလျှပ်လျှပ် တိုး၍တိုး၍တက်လာနေဆဲပါ။ဒါကြောင့် ကျနော်ဒီတေးကို ဆိုပါသည် အစ်ကို။
တမ်းတသည်ဟု ပြောရမလား။အမှတ်တရသီသည်ဟုပဲ ဆိုရမလား။ဆွေးမြေ့နေတာမဟုတ်သည့် လတ်ဆက်သောအလွမ်းနဲ့နွမ်းနယ်နေသောရင်မှ အောင့်မေ့ခြင်းတေးကို
အက္ခရာတွေနဲ့ကျနော်သီကုံးကြည့်လိုက်တာပါ။ပြည့်စုံလိမ့်မည်ဟုတော့ စိကူးနှင်တောင်ကျနော် မမှန်းဝံ့ပါဘူးလေ။ထင်မြင်ဖို့ဆိုတာ ဝေးပေါ့။ရင်၌ နွမ်းလျော့နေသည့်
ပူဆွေးချင်းတွေ အထိုက်လျှောက်ပြေလျှော့စေဖို့ ရည်ညွှန်းရင်းသာဖြစ်ပါသည် အစ်ကို။
                         နေညိုမှလှမည့်ညနေခင်းထက် အရုဏ်မနက်မှာ အားအင်ပြည့်ဝစွာထွက်ပြူလာစဆည်းဆာနုနု ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ပါစေ အစ်ကို။
                               "အစ်ကို ကောင်းရာသုဂတိလားပါစေ"။

                                                                                                                                                                                                                          အစ်ကိုချစ်သော ညီငယ်.....
                                                                                                                                                                                                                                   လင်းထက်နောင်
                                                                                                                                                                                                                                         (သို့)
                                                                                                                                                                                                                              ချစ်လွမ်းဝေ(ရွှေမျှောင်) ။
                                                                                                                                                                                                                                     15,1,2013 ။

စွဲအား

ထွင်းထားတဲ့ ကဗျည်း
ရင်ထဲမှာဟီး(ည်း)တိုက်လို့...၊
ဦးခိုက်နေလိုက်တာများ
အပိုးကိုသေရော...။

ကင်းလို့မဖြစ်တဲ့အရှိန်က
နှလုံးသားကို"မှတ်"တိုက်သွားတယ်။
"ငိုက်ကတည်း"ကျသွားတဲ့ဦးညွှတ်ခြင်းများ
ချစ်သူရေ......
"ချစ်ခြင်းတရား"အတွက်ပါ။

အကာကွယ်မဲ့သည့်တော
မြေပြင်မှာ တဖျောဖျောကြွေသလို
ဝိညာဉ်တွေလေ......
ချစ်ခြင်းလွင်ပြင်မှာမှေးယှက်
ရင်ထက်ကြွေနေရဲ့။

မနေမဖြစ်မဟုတ်ပေမယ့်
နေအမြင့်မှာရင့်လာတဲ့ အရူး
နှလုံးသားမုခ်ဦးစီပေါ့
မော်ပြီးဖူးလိုက်စဉ်...၊
"ချစ်ခြင်းတရား"
"ထင်းကတည်း"ထင်သွားတဲ့ကဗျည်း
ရင်ကိုဖိစီးပြုတ်အကျ
ချစ်သူရေ......
ပြန်ထလို့မရတော့ဘူး....။
--------------------------

                    ခက်ဆစ်အညွှန်း....။                       ဟီး(ည်း)တိုက်=ကြီးမား၍မြင်သာထင်သာရှိခြင်း/မြင်သာထင်သာရှိစေသောအရာ။
                          မှတ်တိုက်=မှတ်ကျောက်တိုက်ခြင်း/မှတ်ကျောက်တင်ခြင်း။

မိခင်လောင်း

ကလာပ်ရေကြည်
သန္ဓေတည်ဝမ်းတွင်ခ
"တိဇာတကွယ့်"သူ့ရင်မယ်
ရွှင်မောဖွယ်မို့ ပီတိဖျန်း...။

ခါး,အချဉ်စပ်ကိုလည်း
မစား မြင်လျှက်ကယ်ရှောင်ဖယ်လို့
ထိန်းသိမ်းခဲ့ ထိုတဏှာ
ရသာအရာမပေါက်ပန်း...။(မသော့ရမ်း)

ထိုင်သွားအလာ
စိတ်သွားရာကိုယ်မရောက်သနဲ့
ထိန်းစောင့်ရှောက် ရတနာ
"ဝေဒနာ"ရယ်လို့ စိတ်မမှန်း...။

ကြောက်ခမှန်း
ခြောက်လမ်းသေရွာကိုလ
နေ့ဒိသာ သုံးကြိမ်လာမျက်ရိပ်သန်းတယ်
(....ကွယ်....)
မွေးမယ်ပျိုဖျန်း...။
-------------------

ရည်ညွှန်း=ဤကဗျာဖြင့် ရောက်လာလတံ့သော ပြာသိုလ်လပြည့်(အမေနေ့)ကို ဦးခိုက်ပူဇော်ပါသည်.....။

Sunday, January 13, 2013

တွေးချဥ့်ဖွယ်


ပြောကြည့်ပေါ့ သူငယ်ချင်း

သတင်းချို ဆိုစကား

မှန်,အမှား ချန်မထားနဲ့ကွယ်...။

 

ဟန်များတဲ့နယ် လူ့ခရီး

စရိုက်တွေဖိစီးလို့ အတူပျော်

"မှန်"ထဲနော် အရုပ်ထင်သလိုပါ့

ဒို့...မြင်ရမယ်...။

 

ကာမကွယ့် ဤဘုံဝယ်

ဆုံလည်သလိုနှယ် ကျက်စား၊

က္ကုဿာပွား

အဘိဇ္ဈာတွေများရင်ဖြင့် မင်းမလွယ်

ဉာဏ်ဖြင့်ကျယ် တကယ်စဉ်းစား...။

 

ဆုံလည်ပမာ

ဘုံလယ်မှာ အတူတွေများ

တွေးချဥ့်စေသား....။

မြေမခမှီ

 

လမ်းအသင့်

ကမ်းလင့်လို့ ကြိုပါလေ

ပွင့်ဝေေ၀ မကြွေခင်စပ်ကြား...။

ကျေနပ်သင့်ပေမယ့်

မြေထက်လွင့် ကြွေ..မကြွေသရွေ့

နေအတွေ့နဲ့ လန်းပါရစေ..။

နွမ်းလျခွေ ၀တ်မှုံခြွေလေရိုင်း

ရင်ကို လှိုင်းမခက်ခင်

ပင်ထက်အစဉ်

ပျော်လျှက်ပင် ၀တ်မှုံကြဲ

(...ကွယ်....)

ရိုးတံညှာမြဲ....။

ရင်နွမ်းပန်းလေးများ

အရမလှပေဘူး

ခဏဘ၀ ရာယီနယ်မှာ

ဝမ်းစာရှာ ကျင်လည်ရာဤခရီး

လွှမ်းအုပ်စီး မနေသာ

ပညာအရာ မရှာသာမီးအိမ်ခမ်း...။

 

ခရီးလမ်း

လောကဓာဏ်ကြမ်း ကြုံ၍သာ

ဘုံဓလေ့မှာဖြင့်သူဖြတ်သန်း...။

 

ကြောက်ခမှန်း

ခြောက်လမ်းအသွယ်သွယ်နှင့်

အရွယ်ငယ်လူမမယ် ဘ၀လမ်း

(...ကွယ်...)

ကြမ်းဆိုမှကြမ်း....။ 

Wednesday, January 9, 2013

အလွမ်းသင့် လေပြေ

အမေ့ခက်လေတော့

ဆွေးချက်ပွေကြံကာတွေး

ဖန်တစ်ရာတေး ဝေဒနာ

ရင်ထက်လာ ခြေအချ...၊

နွေညပမာ

ပူလှစွာ ကြွမ်းလောင်မြိုက်တာမို့

သောကတိုက်ကမ်းပါပြို

ပြိုမလို မှိုင်းညို့ညိုမျက်ဝန်း...။

 

မပျက်မယွင်း

ချစ်ခွန်းဖွဲ့ ရည်သစ္စာ

ပို့မေတ္တာခါခါသွင်းသော်လည်း

ဆောင်းပွင့်လွှာ

နှင်းစက်လာ ရင်ကိုနင်းတယ်

(...ကွယ်...)

လွမ်းလေကညှင်း......။

Monday, January 7, 2013




မွေးမေပုံရိပ်


စတင်ဘာမိုး

စွန့်ထားခြင်းနှင်နှုတ်ဆက်

ရုတ်တရက်မို့ပြောခွင့်မသာ

အဝေးဆုံးကမ္ဘာဆီကိုပေါ့

သူ...ကျောခိုင်း၍ထွက်ခွါ

စတင်ဘာ....

ဝေဒနာမိုးစက်ကြား

လွမ်းအားနှင့်ဖြတ်ကျော်

ဆုံတွေခွင့်တစ်ခါမျှော်ရင်း

ခွဲခွါခြင်းရဲ့ထိုတစ်နေ့

လွမ်းမိုးငွေ့ငွေ့စွေခဲ့သည်...။

ဖြောင့်ချက်

အလှမ်းခက်လေတော့

အလွမ်းမျက်ရည် ရင်မှာဝဲ။

 မခေါ်ရက်ပါဘူး

ပျော်ရပ်မှာသာစံပါတော့။

 ဖြေစရာအသဲ

ရင်မှာလဲ ကွဲကြေ။

 ကံကြမ္မာမွဲ

မျှော်ကာအမြဲ

ထာဝစဉ်ပဲ လွမ်းနေ...။

လွမ်းခွင့်ရရုံ

မကြင်ရပေမယ့်

ရင်မှစေသောမေတ္တာ

ဥပေက္ခာမပြုရက်နိုင်ပြီပေါ့

မြတ်...နိုး...တွယ်...တာ။

 မမျှော်လင့်ပါဘူး

ရင်မှတည်သော သစ္စာ

မြင်သာစေ ဆုမတောင်း

သူ့အကြောင်းနဲ့သူပဲရယ်လို့ကွယ်

တရားနဲ့ကိုယ်ဖြေကာ

ဝေဒနာကမြှားနှယ်စူး...။

 သူသိရဲ့လား

အပူမိသူ ဘယ်လိုကြွမ်းတယ်လို့

ဘယ်သူပြော ဘယ်လိုကြည့်

ဘယ်သူပဲ ဘယ်လိုထင်

သူပျော်ရင် ကိုယ်ကျေနပ်

 (သြော်....)

 လွမ်းရုံသက်သက်...။  

အံလွဲခြင်း

မျှော်လင့်ပါရဲ့

အဖော်ဖြစ်ခွင့်မရသည့်ဘ၀မို့

အားငယ်.....။

 အလွမ်းနယ်

သံသရာကျင်လည်သမျှ

ရှည်လျား....။

 ဘ၀ကခါး

ဆုံမှတ်များစွာလွဲချော်

ကြာသော်.....။

 အင်း.....

အထီးကျန်တစ်ကောင်ကြွက်။

 ငါ....

မျှော်လင့်ချက်မဲ့

အသက်ရှင်သူ။ 

ဥယျာဉ်မှုး ဝေဒနာ

သဇင်ကို မင်

အပင်ကိုသူပျိုး

သဇင်နွယ်အခက်ထိုးမှ

ထက်တန်းလွှာချိုး...။

 

နှင်းဆီးကို မင်

နှင်းဆီပင်သူပျိုး

ရနံ့ဖြာအလှတိုးမှ

ဆူးမတ်သူချိုး...။

 

စပယ်ကို မင်

စပယ်ပင်သူပျိုး

ပင်လုံးဝေအပွင့်တိုးမှ

လက်ဦးသူချိုး...။   

ခံယူချက်

ပန်းဖြစ်မှတော့ ငုံမနေသာ

ကြုံသလိုသာပွင့်ရုံပေါ့

ပန်းပျိုးလက်တော့လိုချင်သား...။

အပွင့်ကိုမင် အပင်ကိုပျိုး

သစ်စိမ်းချိုး

ညှိုးသူအတွက်ဘာသာကြွေ

ရနံ့ပြေလေမှာကြဲ

မြေမှာပဲနေပါရစေ၊

ဘ၀ကိုသူစာနာ

မာယာမပါသူ သူ့အတွက်

ထာဝရဝေ

ရနံမပြေလေမှာဝဲ

မြေမှာကြဲ...ကြဲပါစေ

မွှေးမွှေးပျံ့ဝတ်မှုန်ခြွေ

ကြွေ...ကြွေပါစေ ပွင့်ချပ်ခြောက်

     (မြတ်နိုးစွာ)

မြေပေါ်ရောက်လည်းမွှေးပါ့မည်

ပန်းအလင်္ကာ


ဘယ်သူပြောလည်း

တစ်တောလုံးကြွေ...။

 

 ပန်းတို့ဝေဆဲ၊ဥယျာဉ်ထဲမှာ

ပွင့်ချပ်အသက်၊၀တ်မှုံဆက်လျှက်

အမြစ်စွဲကျန်၊ရနံ့ပျံ့သင်း

အားမာန်တင်းဆဲ၊ပွင့်နေမြဲလေ....။

 

ဝေဆဲတစ်ချို့ ကြွေတစ်ချို့...။



အပါယ်ခံ

အဆင်းမပျက်ရနံ့မပျယ်ပေမယ့်

မဆင်ရက်ပြီသခင်ပါယ်လို့

ညိုညင်တယ်ထင်ပါရဲ့.....။

ပွင့်ခြောက်ကြွေလေမှာဝဲ

မြေမှာကြဲပန်းတို့ဝေ

နင်းသူနင်းချေသူချေ

ခြွေယူပါစေစိတ်မှာထားတယ်

    (တကယ်...)

မလွမ်းလောက်လို့လားကွယ်။

ဖြောင့်ချက်(၂ )

 

စမ်းပျက်နွေ

လွမ်းရက်ရှည်ပြေစေကြောင်း

ချစ်သက်သေ

မောင့်မျက်ရည်ပင်လယ်ချောင်းမှာ

လက်ဆယ်ချောင်းယှက်ကူးခဲ့မယ်...။

 ဆွေးချက်ပွေ

သောကတွေကုန်းစေကြောင်း

မေအပြုံးစေ

စီးကြိုနေရင်ခွင်ဟောင်းမှာ

      (....ကွယ်....)

ဖြေလျော့ပါ့မယ်...။  

စိတ္တဇည

မှေးလည်းမပျော်

အတွေးထဲပေါ်လာ

မြင်သော်ခဏ မေ့မရခဲ့။

အိပ်မပျော်နွမ်း

စိတ်ရော်တမ်းတ

ပြူတင်းဝငေးမျှော်

ခန်းစည်းပေါ်ဖြား

လှုပ်ခက်သွားဟန်

သူ့...ခြေသံလား...?

လေပြေတိုးသဲ့

ယဲ့ယဲ့ခက်သံ

သူ့ခေါ်သံလား...?

လရောင်ဖြာရိပ်

လမ်းပေါ်ဖိတ်ကျ

လှုပ်ရွသဟန်ပန်

သူ့...သန္တာန်လား...?

ထင်မိမှားရဲ့

ဖွေရှာခဲ့သည်။

ညလယ်မှောင်ထဲ

တစ်ယောက်တည်းလေ

စိတ်ရူးစေရာ

ဝေဒနာဆိုး

ကြိမ်စာနိုးထ

လွမ်းသမျှသူ  နေရာယူ၏။     

အလွမ်းနှင့်လူ

အလွမ်းနှင့်လူ

ကြွမ်းမြေ့စူနွမ်း

သောကလမ်းလျှောက်

ဖြိုးဖျောက်မျက်ရည်

ရင်မှာစွေသည်

ဝေဒနာနွေထဲ

မနေရဲပြီ...။

 

အလွမ်းနှင့်လူ

ကြည်ဖြူသူဝေး

ငူငိုင်တွေးတော

ငေးမောတွေဝေ

တေလေလွင့်မျော

ဆွေးဗျာမောသည်...။

 

အလွမ်းနှင့်လူ

သည်းအူလှိုက်စား

နှလုံးသားကျွမ်း

ချစ်ခရီးလမ်းကောက်

တောက်လျှောက်ဆက်ကြွေ

ပုလဲမြေခ၊ဝေသမျှနွမ်း

ကြွေမည့်ပန်းမို့

မနမ်းဝံ့ပြီ၊ပါယ်လေသည်လား

အားငယ်စိတ်ပွား

ထင်ယောင်မှား၏...။

 

အလွမ်းနှင့်လူ

ဖော်ကူမဲ့ဝေး

အလွမ်းတေးပိုက်

ခေါင်းငိုက်စိုက်အော်

လမ်းပေါ်လျှောက်သွား

ခရီးကြားထဲ

ခွေယိုင်လဲလည်း

ဖေးယှက်ထူမ

သူမှသူစွဲ

ရူးမိုက်ဆဲလေ...။

 

အလွမ်းနှင့်လူ

တမ်းတပူမိ

နွမ်းချိယိုင်ခွေ

ဘ၀နွေထဲ

လွင့်မျောဆဲပေ

တွေ့၍နေသည်

သေသည်ထိများ လွမ်းဦးမလား...။ 

အချစ်စွဲအား

အတိတ်ရေစက်လား-?

နှလုံးသားမှာချည်

အနုသယများစွာသီဖွဲ့

သိပ်ချစ်ခဲ့တယ်။

 

ရိုးမယ်ဖွဲ့အလွမ်း

ဝေးမည့်လမ်းဆို မတွေး

အခြေမပေးလည်းကြိတ်မှိတ်

တထိတ်ထိတ်နှင့်စကားဆို

ချစ်အားပို၍အဆိပ်တက်မိ၊

စိတ်အသိ,ဦးနှောက်အတွေး

ရှေ့ဆက်ခွင့်မပေးလည်း မျက်ကွယ်ပြု

အချစ်တစ်ခုအတွက်ရှေ့ဆက်

ဘ၀ကိုပေးအပ်ဝံ့သည်...။

ခွင့်

ချစ်သူ....
မြတ်နိုးသူပါ
 ကိုင်းချိုးဖို့မကြံရွယ်
ပန်းခြွေဖို့စိတ်မကူး
နှလုံးသားနှုတ်ငုံတော်ဦး
ဝတ်မှုံကူးဖူးပွင့်
နမ်းရှိုက်ခွင့်ပြုပါ။

စောင့်စည်းသူပါ
ရမတ်မီးပူရာထိန်း
ကိလေမှောင်ဘာသာတိန်း
စိတ်ယိမ်းလည်းမျက်ကွယ်ပြု
 (အခွင့်ရေးတစ်ခု)
ထွေးပွေ့ခွင့်ပြုပါ။

တွယ်တာသူပါ
ကွယ်ရာမှာခြေမရှုပ်
တမင်လုပ်စကားမဆို
ချစ်အားပိုစိတ်မှာကဲ
သဲတယ်ပဲဆိုစေဆို
ငြိုငြင်လိုလည်းငြိုငြင်ငြို
စိုးရိမ်ပိုလို့ရင်လေး
ဝန်တိုခွင့်ပြုပါ...။

ရင်ပမ်းသူ

တွေ့မလားနော်

ပြေးသွားမျှော်ကြည့်

သူ-မရှိပြီ။

 

မသိ၍လား-?

သိလျှက်စကားမဆို

တမင်ညိုရော့သလား-?။

 

ရင်ခွင်ကြားမှာစူ

ချစ်တဲ့သူ

သည်လူမယ်ပူပမ်း

(...ကွယ်...)

တကယ်...တကယ်

မရွှန်လန်းဘူး။   

နှုတ်ဆက်တေး

ပြန်ရတော့မည့်သူပါ
မှားခဲ့မယ်ဆိုလည်း
ဝန်ချရဲ့...။
ကျွန်ကျခဲ့သည့် သံယောဇဉ်
နှုတ်မရအောင်စူးဝင်မိခဲ့
ဘယ်တော့မှမပြောပါနဲ့နော်
သူစိမ်းတစ်ယောက်လိုနေမည့်အကြောင်း။

ထားခဲ့ရမည့်သူပါ
သွားမည့်ခရီးတာခပ်ဝေးဝေး
အမျက်ပေးလို့ရင်ထဲမှာမပျော်
ကံချွတ်ချော်လို့တဒင်္ဂလေး
ထာဝရဝေးဖို့အကြောင်းဖန်
နားလည်မှုလွဲဒဏ်
(သူငယ်ချင်းရယ်)
ငါ-လက်မခံပါရစေနှင့်
တစ်နေ့တွေ့မည့်မနက်ဖန်
နှုတ်ဆက်သံလေးကြားပါရစေ...။

ဖြည့်စွက်သူ

လမ်းကြောင်းပေးရုံပါ
ပန်းပေါင်းပွဲတော်တက်လို၍ မဟုတ်...။

အရိပ်ပေးရုံပါ
အကိုင်းဆွေးတင်လို၍ မဟုတ်...။

ရင်၌တုတ်မိသမျှ ကြိုး
စွန်လွှတ်ခြင်းတစ်မျိုး မဟုတ်ပါ...။

လိုရာတိုးထွက်
အမြင့်ပျံငှက်ရဲ့ ခရီး
လေဟုန်စီး အဆင်ပြေ
မြေမှာနေထိန်းကျောင်
ဆုတောင်းပေးရုံသက်သက်
ရစ်ဘီးပေါ်တက်ခဲ့သူ...။

ညခင်းအလယ် တိမ်ထူထူကြား
"၀င်းကတည်း"လတ်သွားတဲ့ ကြယ်
ခြေကုတ်ရာ တကယ်မြဲရင်ပေါ့
စိတ်ချပါ မိငယ်
ဟို...အဝေးကနယ်မှာ ငါရှိမယ်..။

Sunday, January 6, 2013

ကျနော့် လေပြေ

ရှုသွင်းလိုက်မိတဲ့ လေ
ကာရန်တွေကိုသိမ်းထုပ်သွားတယ်...။

ရှိုက်ထုပ်လိုက်တဲ့ လေ
နရီတွေကိုသယ်ပိုးသွားတယ်....။

နှလုံးသားထဲမှာနေရာယူ
ဇီဝဇိုးတစ်ကောင်လိုပေါ့
အာခေါင်ပူအောင်ညှစ်ထုပ်လိုက်တဲ့စာသား
အဲသည်မှာ....
ကျနော့်နှလုံးသွေးတွေပါသွားရင်
ခွင့်လွှတ်.....။

ရွတ်လွှတ်မိတဲ့ပင်လယ်မှာ
မုန်တိုင်းကိုမလာစေချင်ပါဘူး
ဒါပေမယ့်......
ရှုရှိုက်မိလိုက်တဲ့ ကျနော်ရဲ့ပင့်သက်တိုင်း
ပန်းခင်းတံတိုင်းချည်းမဖြစ်ခဲ့ရင်ပေါ့
ထားခဲ့တော့ မြစန်းကြည်
ဟို...ကမ်းခြေဆီက
ကျနော့်ခြေရာကိုသာ ကောက်ချီသွားပါ...။
 ---------------------------------
ရည်ညွှန်း....။
 ”မြစန်းကြည်”ဖြင့် လောကဓံရေလှိုင်းကို တင်စားပါသည်...။

သို့...နေခြည်

ကျေးဇူးပါ နေခြည်
နွေးထွေးစေခဲ့သည်မို့...၊
မပြည့်သည့်အိုးလို့
ခွင့်လွှတ်ဖို့တော့ တောင်းပန်ပါရစေ။

တောင်စွယ်မှာခေါင်းမငုတ်ခင်
မြင်စေချင်ခဲ့တာပါလေ
ခုတော့ မျှော်လင့်ချက်တွေ
မင်းမိုးသွားတဲ့မြူဆိုင်းတိမ်လို
ဟိုး...အဝေး
မြင်နိုင်ခွင့်မှေးခဲ့ပေါ့။

တားနေလို့မဖြစ်တဲ့ စက်ဝန်း
ခဏတာပျော်ရွှင်ခြင်းအတွက်
ရင်ဘတ်ထက်ကခြေရာ
ငါ့အတွက် တစ်သက်စာဆိုရင်ပေါ့
လိုသလိုဖြည့်စွတ်တော့ နေခြည်
(...ဒါပေမယ့်ပေါ့...)
မျက်ရည်သီလွမ်းချင်း တေး
နားဆင်ခွင့်တော့ ပေးပါရစေ....။

အဆိပ်သင့် ဆူး

ရူးတော့မှာပဲ
ရင်ခွင်ထဲပစ်ဝင်
နေချင်သလိုမဖြစ်
ရေတိုစနစ်က
နှလုံးသားကို တိုက်စားသွားတယ်။

ဆူးသင့်နေတဲ့ ဆုံခွင့်
ယုံကြည်လို့မဖြစ်တော့တဲ့အခါ
သွားပါလေ....
နားခါးစရာတွေ အကုန်။

ယုံချင်ယုံ မယုံချင်နေပေါ့
ပုံပြင်မဟုတ်တာတော့ သေချာတယ်၊
ရင်မှာတွယ်နေတဲ့ ဆူး
ရင်ခုန်ကြည်နူးရုံမဟုတ်ဘူးလေ။

ခုတော့....
နားလည်ခြင်းတွေ...၊
ဆောင်းနှောင်းမှာဝေတဲ့နှင်း
နေခြည်ခြေချအနင်းမှာ
သြော်..ပျောက်ကွယ်သလိုပါပဲလား- ?
ထားသွားပြီ...။

ရာဇ၀င်သစ်တည်စေ မညွှန်းပါဘူး
ရင်မှာကျွံနစ်သွားတဲ့ ဆူး
အဆိပ်လူး အမေ့ခက်
တွန့်လူးလျှက်ဝေဒနာ
မျက်ရည်သာ အဖော်ပြု
ရင်ကြွမ်းလုကြေကွဲ
ငိုဖို့ပဲ သိတော့တယ်....။

Saturday, January 5, 2013

လွတ်လပ်ခြင်း ၆၅

ဇမ္ဗူဒီပေကျွန်းလက်ျာဆန့်ရင်ဖြင့်

မြန်မာဒီမြေ ရပ်ညာကွန့်ဆီက

ဇန်န၀ါရီမလေချမ်းသာခွင့်နှင့်

သူ့ကျွန်အဖြစ်မှလွတ်ခဲ့စဉ်

ရှေ့ယခင်စဉ်လာမပျက်ပါပဲ

ဆန်းနတ်ယှဉ်ဆင်ကာနွှဲတာမို့

ထုတိမဆဲဝမ်းသာမိပါရဲ့

လွတ်လပ်ခြင်းရဲ့ဒီပွဲတော်မေ

ဆင်နွှဲပျော် ဦးနှိမ်ချပါကြောင်း

ဗိုလ်အောင်ဆန်းနှင့်အာဇာနည်အပေါင်း....။

အာဇာနည် တမ်းချင်း

ပန်းခရေ
လေရူးစေမြေ၀ယ်ခသော်လည်း
ပွင့်ဖတ်ကြွေ ရဝေနန်းမှာ
ရနံ့ဖျာထုံကာသင်းလို့
နွမ်းရင်းနဲ့မွှေး...။

စိမ့်စမ်းရေ
နွေရူးစေနွံအိုင်ထွန်းသော်လည်း
ရဂုံမြိုင်တွင်း ရစ်ခွေရီ
တစ်ပေါက်ရေကြည်အားမာန်တင်းလို့
စီးရင်းနဲ့ဖွေး...။

ဇာနည်တွေ
မြန်ပြည်မြေ စွန့်ခွါယွင်းသော်လည်း
တစ်သက်တာအတွင်း သူ့ဂုဏ်အင်
လူ့ဘုံတွင်ထင်ကျန်သင်းလို့
လွမ်းရင်းနဲ့ဆွေး...။


 -----------------------------------------------
 ရည်ညွှန်း.....။
                                   ဤကဗျာဖြင့် မြန်မာပြည်"လွတ်လပ်ရေးသူရဲကောင်းများ"သို့    ဦးညွှတ်ပါကြောင်း.

                                       

Thursday, January 3, 2013

အလွမ်းပွင့်

အလွမ်းနှင့်ပြန်

လွမ်းလို့ကျန်ခဲ့

ဆုံတွေ့ရက်ကို

ချိုးလက်ရေထောက်

မျှော်လင့်စောင့်၏။

 

အလွမ်းပြည့်`ရင်`

ကြွမ်းမြေ့ကျွံပိ

နွေအတိလေ

ဘယ်ထိဘယ်ခါ

ဘယ်နေရာနှင့်

ဘယ်ကာလရောက်

ဘယ်ရွယ်လောက်-ဟု

သတ်မှတ်မရှိ

ရွက်ထိရှကြွေ

ပွင့်ဖက်မြေခ

ဝေသမျှနွမ်း

ကြွေတဲ့ပန်းလို

ဇရာခြောက်ခမ်း

ထွက်သက်လမ်းတိုင်

ရနံ့ကြိုင်လျှက်

သက်ဆိုင်သူအတွက်  ပွင့်ဖူးဆဲ။

ပြန်တမ်း

တစ်ခါတည်းပါ
ဒါပေမယ့်....
တစ်ဘ၀စာဖူလုံရဲ့
အချစ်ကိုတွေ့ရှိခဲ့တယ်။

မြတ်နိုးခြင်းများစွာ
သံယောဇဉ်ကြီးစွာ
တန်ဖိုးထားကာချစ်ခဲ့
ဒါပေမယ့်......
ဖြစ်မလာခဲ့ဘူး
နှစ်ယောက်တစ်ဘဝ
နေခွင့်ဝေးခဲ့ကြတယ်။

တစ်ခွန်းတည်းပါ
ဒါပေမယ့်....
ထာဝရကမ္ဘာတည်မယ်ထင်ရဲ့
အကြိမ်ကြိမ်ပြောခဲ့ဘူးတယ်။
အလွမ်းဖွဲ့ ဧချင်း
အလွမ်းဖွဲ့ သီချင်း
အလွမ်းကဗျာတွေရေးဖွဲ့ရင်းပေါ့
(ကောင်မလေးရယ်)
ဒါပေမယ့်....
မင်းမသိခဲ့ဘူး
ငါ-အခါခါငိုခဲ့ရဘူးတယ်.....။   

မျက်ရည်(၂ )

မလာပါနဲ့

တားလျှက်ကြားက

တွင်တွင်စီးကျ

ခွဲခွါခြင်း၏  သင်္ကေတလား-?။

 

မကျပါနဲ့

တားလျှက်ကြားက

မျက်ဝန်းစွတ်စို

မျက်ရည်တာကျိုး

နိမိတ်ဆိုးဖန်

ကြေကွဲခြင်း၏  သဏ္ဍာန်လား-?။

 

ဘယ်တွက်ကြောင်းဖန်

ဘယ်တွက်လျံကျ

စီးကျပါစေ

မသုတ်ပါရစေနှင့်၊

ဘာတွက်စွတ်စို

ဘာတွက်ယိုစီး

ချောင်းပြီးမြစ်ကျယ်

ပင်လယ်အနန္တ

ပြည့်ကြပါစေ

မတားပါရစေနှင့်....။

 

ရင်အုံပြိုကွဲ

အားကုန်လဲဦး

ရေမြေဆုံးပေါ့

အကြင်နာဆုံးမို့

လွမ်းတိုင်းကြိ၍ ငိုဦးမည်။

လွမ်းရက်ရဲသည်

 ဝေးဘို့ဖန်ခဲ့

မရည်ရွယ်ခဲ့ပေ။

ရင်ဝယ်ကြွေပမ်း

သည်နွေလမ်းမှာ

မျက်ရည်လည်းစွေ

အလွမ်းဝေခဲ့။

နေခဲ့ချစ်သူ

ကြွေလည်းတူနွမ်း

မပင်ပမ်းစေချင်

လွမ်းနေရင်လည်း

ဘာသာပဲကွယ်

တမင်ဖျောက်နိုင်ပျော်ရက်နိုင်စေ

ဆန္ဒခြွေရဲ့  မငိုနဲ့နော်။

ဝေဒနာမဲ့လမ်း

ချစ်သူလှမ်းလေ

ရင်မှဖြေလျှက်

ရှေ့ဆက်ခရီး

တစ်ယောက်တည်းသာ

ရူးလည်းရူးစေ

မေ့မူးစေကွယ်

သေလည်းကံအား

တရားခံထားလျှက်

ရင်ကျေကြွမ်းနွမ်း

အဝေးဆုံးလမ်းကို

တစ်ကိုယ်ရည်လှမ်း

ချစ်သူပျော်ဖို့   လွမ်းဝံ့သည်။