နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, December 31, 2012

ချစ်သူလှမ်း၍ သာသောမြေ

ဆောင်းဝတ်လွှာနှင်းဆမ်း၍

ရှေ့လမ်းမှာတဲ့ မြူစိုင်းဝေ

ရှု့တိုင်းလေ ယဉ်ပေစွ။

 

လမ်းဝဲယာ

စိမ်းပွင့်လွှာယာပြင်တန်းနှင့်

ထနောင်းနဲ့ထန်း

တဲစခန်းငယ်တဲ့ စီရီ

သာပေသည် ၀န်းကျင်ဘာဝ။

 

အညာမြေအလှ

တမာတွေရယ်က ညီညာတန်း။

 

ခင်တွယ်ရာစခန်း

ကြင်နာသူအပြန်လမ်းမှာ

(...ကွယ်...)

အားရရွှင်လန်း.....။

Tuesday, December 25, 2012

ပန်းရောင် ည

အလွမ်းနဲ့စိမ်ထားတာပါ
နှလုံးသားတစ်စုံလုံး...၊
ခုတော့....
ရင်ခုန်းနှုန်းမြန်ခဲ့ရပြီ။

ကောင်းကင်ဆီမှာ နှင်းခလို့
မှိန်ဖျဖျလက အရိပ်ထိုး
တိတ်တခိုးငိုခဲ့ရတဲ့ ည
ခုတော့.....
ပြုံးစစနဲ့ရယ်လေ..။

သူလည်း ပျော်နေတယ်ထင်ပါ့။

ခံစားဖော်ရှိမှ
ရှင်သန်ရမည့် ချစ်ခြင်း
(...တကယ်ပါ...)
ဒီည.....
အပြစ်ကင်းလိုက်တာ..။

အဓိပ္ပါယ်များစွာသက်ရောက်မှုနဲ့
ယုံကြည်ရာစွဲနေတဲ့
''merry christmas"
ပန်းနုရောင်အပြုံးတစ်ပွင့်အတွက်ပေါ့
ကျနော် အသိအမှတ်ပြုလိုက်တယ်
ချစ်သူရေ......
........ကျေးဇူး.......။


ရင်လှိုင်းခက် သံစဉ်

အပြုံးနှင့်ကြို

ရင်တွင်ခိုလှမ်း

ချစ်သူ.....

အလွမ်းတို့ ပြေပါစေ။

 အနမ်းနှင့်ကြို

ရင်ခွင်ခိုနန်း

ချစ်သူ.....

စိတ်လက်ချမ်းမြေ့ ကြည်သာစေ။

 တီးတိုးဖွဲ့ဆို

နှစ်ကိုယ်ရွှင်လန်း

ချစ်သူ.....

သောကခမ်း၍ အေးပါစေ။

 အဝေးဘ၀ နွေ

ဆောင်းညမြေမှာ ခြေသံတိတ်စေသား၊

ထွေးပွေ့ထားလျှက် အကြင်နာပို

ရင်...ရင်မှာခို၍ ပျော်စေသား.....။

ကြင်...ကြင်နာသူမို့ မခွဲနိုင်အား.....။


Thursday, December 20, 2012

လောင်းရိပ်

ကျင်နာခြင်းမြဲဖို့
အမြစ်စွဲပြီးသား သံယောဇဉ်တစ်စကိုပဲ
ခဏခဏ ရေလောင်းနေမိတယ်
ကျနော်လွန်မလား....?၊
ကာလတွေရှည်လျားတဲ့အခါ
အရိပ်ဝင်ခိုမိတဲ့ သစ်ပင်က
"အလွမ်းတွေ"ခြွေချခြင်းခံခဲ့ရလို့ပါ။

ကိုယ့်ဒူးကိုယ်တောင်
ယုံလို့မရတဲ့လောကထဲ
မျက်စေ့သငယ်နားသငယ် ဖြစ်မည်စိုးလို့
လက်တွဲဖော်ကို မျှော်ကိုးမိတာပါ
ဒါပေမယ့်.....
ချစ်ခြင်းနဲ့ ချောင်းကခြားဆဲပဲ။

ဆုံတွေ့ခွင်မကင်းပေမယ့်
အပျော်နေ့တွေကင်းတာတော့ ကြာပေါ့လေ
ထာဝရနွေချည်းမဟုတ်ပေမယ့်
မကြာခဏ ဝေပြီး ကြွေနေရသူမို့
ပန်းဖြစ်ရတာတောင်
ကိုယ့်ကိုယ်ကို သိပ်ဘ၀င်မကျချင်တော့ဘူး။

ဝတ်မှုံနဲ့ကင်းကင်းနေနိုင်ရင်ပေါ့
"သမုဒယ"ဆိုတဲ့ ပျိုးခင်းကို
အမြစ်မကျန်ရှင်းပစ်တာ ကြာပါ့။
ခုတော့.....
ဝတ်မှုံကူးမှ လှမည့်ဘ၀မို့
ပေါင်းမြတ်ကိုပဲရှင်းရင်း
သံယောဇဉ် မြေထောင်မြှောက်ခြင်းအမှုကိုသာ
(...ကျနော်...)
ပြုနေရတယ်လေ....။

Wednesday, December 19, 2012

ဝေဒနာလူ

ရှောင်လည်း မဝေး

ပြေးလည်း မလွတ်

သမုဒိနစ်ကျွံ

အလွမ်းဝန်ပိ

အကျွမ်းတ၀င်ရှိနေ...။

အမြင်,အကြား

ခံစားသိ,အတွေး

တရေးရေးထင်

သူ့အသွင်သူ့စကား

မြင်ယောင်ကြားမိ

ဆွေးရင်ပိနေ

မြေ့မြေ့ကျေပေါ့။

တွေ့...တွေ့လေမလား

မျှော်လင့်အားနှင့်

နေ့...နေ့တွေကုန်

ရင်မောရုံပဲ

ဝေးနေဆဲလေ...။

မျှော်လည်းမလာ

ရှာလည်းမတွေ့

ပြန်လည်းမဆုံ

ရင်အုံနွမ်းချိ

အလွမ်းမိမှိုင်း

သတိရတိုင်းစေ

တမ်းတနေမိ

သူမသိ.....။  

အလွမ်းကောက်ကြောင်း

လွမ်း၍ဖုန်းဆက်

ပြောမထွက်ပြန်

အလွမ်းဒဏ်ရင်မှာနစ်

ဆွေးမြေ့စရာသည်အဖြစ်ကို

သူသိစေဖို့ကိုယ်ကြံဆောင်

ဘယ်သူဝန်ဆောင်မလည်း-?။

 

အနေရယ်ဝေး အခြေမပေးလို့

လွမ်းပွင့်မခြွေ လွမ်းနေခွင့်ဝေး

သည်ဝဋ်ကြွေးတွေ

ဘယ်တော့ပြေမလည်း-?

အလွမ်းတွေထဲ လွမ်းနေဆဲပေါ့။

 

ဆွေးမြေ့ဗျာပွေ

စာလွှာခြွေမအား

စိမ်းပြီလား- ဟု

မှတ်မှားမထင်

လွမ်းချင်ချင်နဲ့ လွမ်းနေရဲ့။

 

မမေ့တက်ချင်

အတွေ့ခက်လျှင် သတိတရ

လွမ်းသမျှသူ

ရည်ရွယ်ငယ်မှူး မောင့်သဲဦးပေါ့၊

ဘယ်တော့ဘယ်ခါ ဘယ်နေရာဖြစ်

ဝေဒနာနွံနစ် လွမ်းနေဖြစ်သည်

ဝေးရက်တာရှည်  ကြာသောကြောင့်....။ 

သမုဒယနွယ်

မဖြစ်သင့်

မဖြစ်ထိုက်မှန်းလည်း 

သိရဲ့၊

ဒါပေမယ့်...

ဖြစ်ခဲ့ကြတယ်။

 

မချစ်သင့်

မချစ်ထိုက်မှန်းလည်း 

သိရဲ့၊

ဒါပေမယ့်...

ချစ်ခဲ့ကြတယ်။

 

မနမ်းသင့်

မနမ်းထိုက်မှန်းလည်း 

သိရဲ့၊

ဒါပေမယ့်...

နမ်းခဲ့မိတယ်။

 

ဖြေရန်မလွယ်ထုံးဖွဲ့

ရုန်းမရတဲ့ရင်ချည်ကြိုး

မိုက်မဲခြင်းတစ်မျိုးပဲလား

  (အချစ်ရယ်...)

ရှေ့တစ်ဆင့်တိုးခဲ့မိပြန်ပေါ့ကွယ်...။

ရင်ကွဲသံစဉ်

ဖျစ်..ကတည်းမည်

နင့်..ကတည်းအောင့်

ရင်တလျှောက် ကျင်

ဘယ်လိုသံစဉ်လည်း...?။

 

နစ်..ကတည်း ကျွံ

ငြိမ့်..ကတည်း ရောက်

ရင်တလျှောက ၀င်

ဘယ်လိုသံစဉ်လည်း...?။

 

သိမ့်..ကတည်း တုန်

နဲ့..ကတည်းတိမ်း

ရင်ယိမ်းယိုင်ခွင်

ဘယ်လိုသံစဉ်လည်း...?။

 

စွေ့..ကတည်း စွေ

သဲ့..ကတည်း လှုပ်

ရင်မြှုတ်အိုင်ထွင်

ဘယ်လိုသံစဉ်လည်း...?။

အလွမ်းသဲ ည

မလာနဲ့နော်

အမိန့်တော်မှတ်

အနေခက်၏...။

ဝေးရက်သင်္ချေ လွမ်းနေရင်ထဲ

မတွေ့ပဲလေ နေရဲပေမယ့်

ဆုံခဲ့တွေ့ရက် အနီးကပ်နေ့

သူနဲ့တွေ့စဉ်

မတွ့ရင်ထဲ တစ်ရက်တည်းတောင်

ရင်ကျွမ်းလောင်မြေ့

သိပ်အောင့်မေ့၏။

ဘာလုပ်နေလည်း

ဘယ်သွားမလည်းလေ

အတွေးပွေလျှက်

သူ၏နီးပါး သူ့အိမ်နားကို

မယောင်မလည် အမှောင်ကွယ်ရောက်

သူစိတ်ကောက်မလား

စိုးရိမ်းအားငယ် နောက်သို့လည်ခဲ့။

တကယ်တကယ်

ဘယ်လိုဖြေမယ် ဘယ်သို့နေရ

ရင်သောကနှောက် သေမလောက်ပေါ့၊

တွေ့ချင်လျှက် အတွေ့ခက်စွာ

ဝေဒနာကို ဖြေသာစေချစ်

မောင့်သဲမြစ်ရယ်

ချစ်၍တကယ် အဆွေးသယ်ဖြစ်

သိပ်စိတ်ညစ်တယ်။

အတွေးနယ်နစ် ည၏ဖြစ်စဉ်

ငေးမောစဉ်ကွယ် မြင်ကွင်းကျယ်တွင်

လ၀င်ကြယ်ပျောက် မိုးပေါက်မသန်း

တိမ်းညိုစန်းထ ဂယက်ကြွ၍

ဘယ်သို့သွားရ တွေးမရပြီ

သြော်....

မတွေ့ကြသည့်

ဤညရာသီကုန်ခဲ၏...။

အလွမ်းစေရာ

လွမ်း၍ပူဆွေး

တမြေဝေးနေ

နေ့နေ့ညတွေ

တမ်းတလေတိုင်း

ရက်တွေတ်ုင်းမှာ

ရတက်ပွေနွမ်း

ရွှေရင်ကျွမ်းမြေ့

ဘယ်မေ့မလည်း။

မတွေ့လည်းလေ

ဝေ့၀ဲသီကျ

မျက်ရည်စနှင့်

လှမ်းမျှော်တ,မှန်း

သဲဦးပန်းကို

သတိတရ  ရှိလှပါကြောင်း

ကဗျာချောင်းမှာ

စာလွှာတစ်ကြောင်း မျှောလိုက်သည်။

ငယ်ကျွမ်း

အလှမ်းခက်၍

လွမ်းရက်အသင်္ချေ

ကြာလေမမေ့

မတွေ့လည်း  လွမ်း

တွေ့လည်း  လွမ်းပေါ့။

တမ်းတမ်းတတ

မှန်းဆဘယ်ညာ

ဝဲယာရှေ့နောက်

စိတ်ရူးပေါက်ရာ

ဟိုဒီမှာများ

သူ-ရှိမလား ဟု

ရှာမိရဲ့ကွယ်။

တကယ်တကယ်

ဘယ်ဝယ်မြောက်တောင်

စိတ်ယောင်ခြောက်ခြား

အိပ်မက်များလည်း

သူပဲစိုးမိုး  တစ်ရေးနိုးခဲ့

မိုးလင်းခဲ့ပေါ့။

အိပ်ပျက်ညပေါင်း

ရာထောင်သောင်းမက

များခဲ့ရလည်း

လွမ်းတဲ့စိတ်ကဲ  ဖြေနိုင်ခဲရဲ့

ဟန်မူနွဲ့နှောင်း  ငယ်ချစ်ဟောင်းကို

နှစ်ပေါင်းများစွာ  လွမ်းဦးမည်။

မစ္ဆာကျဉ်ရှောင်မျိုးဂုဏ်ဆောင်

ချစ်တဲ့သူငယ်လေ
အမျိုးကောင်းသ္မီးအပေါင်းတို့ရေ....။

မျိုးမတူဇာတ်ခြား၊တမြေသားနှင့်
အယူကွဲပြား၊ဘာသာခြားကို
ညွတ်တွားစိတ်ပင်။ကျွမ်းမ၀င်နဲ့
အိမ်သူ့သခင်၊ချစ်သူလင်ဆို
ပြောဖွယ်လိုဘူး၊ရှောင်ခွါဝေးဝေး
ခင်မရွေးနှင့်။

ဘာသာကွဲပြား၊မျိုးတစ်ပါးကို
အိမ်သူ့ကြင်ဖော်၊ရွေးမိသော်က
ကိုယ့်ဇာတ်ကိုယ့်မျိုး၊ဘာလူမျိုးဟု
လက်ညှိုးထိုးစရာ၊မရှိရှာသည့်
ရတနာရင်သွေး၊ခင်လေးမွေးလိမ့်။

ခင်ဦးချ၍၊အထွဋ်တင်ရာ
စေတီသာနှင့်၊ကျောင်းကန်တန်ဆောင်း
ဘိုးမွေဟောင်းကို၊ထိန်းကျောင်းအစဉ်
စောင့်ရှောက်ပြင်သည့်၊ဘာသာသွေးချစ်
ရင်သွေးနှစ်လည်း၊မထွန်းမပေါ်
မြန်ပြည်ပေါ်ဝယ်၊ရောင်ဝါထိန်ကျင်း
ထေရလင်းသည်၊မြူနှယ်နှင်းနှယ်
ကွယ်လည်းကွယ်လိမ့်။

ထို့ပြင်တ၀၊နေမျိုးသီဟ
သာကိယဟု၊မည်ထူးအထွဋ်
တင်ကျူးဝံ့သည့်၊မျိုးသားဗမာ
တို့မြန်မာမျိုး၊ကွယ်ပျောက်ညှိုးမှိန်
ကမ္ဘာ့အိမ်ဝယ်၊နောင်ချိန်ဘယ်မှာ
ဘယ်နေရာဟု၊ရှု့စားကြည့်မျှော်
မြေသော်မရ၊ပျောက်ကွယ်ရလိမ့်။

တစ်ခါစဉ်းစား၊တွေးမမှားနဲ့
တို့သာသနာ၊တို့ဘာသာနှင့်
တို့ပြည်တို့ရွာ၊တို့အိမ်ယာကို
ဓွန့်ကြာတည်ရေး၊ဆောင်ရွက်ပေးမှာ
ခင်ကမွေးဖွား၊သမီးသားမို့
ခင်လေးဆင်ခြင်၊မျိုးတူလင်နှင့်
ဘာသာမမှား၊ကိုယ့်ပြည်သားကို
အိမ်သူကြင်ဖော်၊ရွေးပါသော်က
ကမ္ဘာကျော်လွှမ်း၊ရင့်ဥဒါန်းနဲ့
ဘာသာမပျောက်၊မျိုးမပျောက်သည့်
မှတ်ကျောက်မြန်မာ၊တင်၍သာတည်
တို့တိုင်းပြည်လည်း၊ကမ္ဘာလယ်ဝံ့
ဘယ်မလွင့်ပဲ၊အဓွန့်ရှည်ရှည်
တည်၍နေလိမ့်။

ချစ်တဲ့သူငယ်လေ
အမျိုးကောင်းသ္မီးအပေါင်းတို့ရေ.....။

ထက်ပါရေးရာ၊ကြောင်းများစွာကို
လေးထားဆင်ခြင်၊လိုက်နာပြင်သော်
နောင်စဉ်ကောင်းရေး၊မျိုးသားသွေးစစ်
ရင်သွေးနှစ်ကို၊၀မ်းနှင့်လွယ်ကာ
မွေးပေးရှာသည့်၊သားကောင်းမိခင်
ထူးဂုဏ်တင်၍၊လူသားတာဝန်
တိုင်းပြည်ဝန်ကို၊အကျေအပွန်
ထမ်းရွက်ပြွန်သော၊မိကောင်းသ္မီးမြတ်
ဂုဏ်ရနံ့သည်၊လူ့ရပ်လွန်ကျော်
နတ်ထံသော်မက၊ဘ၀ဂ်ကြအောင်
ပျံ့ပျံ့ကြူမွှေး ၊ မွှးလိမ့်လေး...။
==================
   မှတ်ချက်   ။       ။
မည်သည့်လူမျိုး၊မည်သည့်ဘာသာကိုမှတိုက်ခိုက်လိုရင်းအလျှင်းမရှိပါ။
ဗမာလူမျိုး,အထူးသဖြင့်မြန်မာအမျိုးသ္မီးများကိုယ့်လူမျိး,ကိုယ့်ဘာသာ,
ကိုယ့်သာသနာကိုချစ်တက်,မြတ်နိုးတက်သောစိတ်များပိုမို
ရင့်သန်ပါစေခြင်းအကျိုးငှါ၎င်း၊
ချစ်ခင်မြတ်နိုးသည့်အလျှောက်စောင့်ထိန်းသိမ်းနိုင်ပါစေခြင်း
အကျိုးငှါ၎င်း၊မိမိလူမျိုး,မိမိဘာသာကိုချစ်ခင်မြတ်နိုးသည့်အတိုင်း
ထိုလူမျိုးနှင့်ထိုဘာသာတည်တန့်ရာအမိမြန်မာပြည်ကို
အစဉ်သဖြင့်စောင့်ရှောင့်ချင်သည့် ၀ံသာနုရက္ခိတတရားများ ဆထက်တပိုးပေါ်ပေါက်ဖြစ်ထွန်းပါစေခြင်းအကျိုးငှါ၎င်း၊
တစ်ခါ....မိမိတို့ကိုးကွယ်ရာအထွဋ်ဖြစ်တော်မူသောမြတ်စွာ
ဘုရားရှင်ကိုယ်တော်တိုင်ကျင့်သုံးတော်မူခဲ့သော စရိယတရားသုံးပါးအနက်မှ ဥာတတ္ထစရိယ လမ်းစဉ်ကို
အတုယူကျင့်ကြံနိုင်ပါစေခြင်အကျိုးငှါ၎င်း၊  ဤသို့........ဤသို့သောအကျိုးတရားများကိုရည်မျှော်ရင်းစွဲဖြင့် ကျနော်၏ဤကဗျာကိုဤစာမျက်နှာထက်သို့အသုံးတော်ခံတင်ပြ
လိုက်ခြင်းသာဖြစ်ပါသည်။
အထူးအားဖြင့် ဗမာလူမျိုးနှင့်ထေရ၀ါဒနွယ်ဝင်မြန်မာတိုင်းရင်းသားများကိုသာ
ရည်ရွယ်ရင်းဖြစ်ပါကြောင်းရိုးသားစွာဝန်ရင်းဖြစ်ပါသည်.....။

ဆန့်ကျင်ဘတ်

အလွမ်းမြေ့မြေ့

တစ်နေ့နေ့ကုန်

ရင်အုံရွှင်လန်း

သောကနွမ်းခြေက်

ဝေဒနာပျောက်မည်

မျှော်မှန်းသည်ပဲ

ဝေးကွာဆဲခဏ

ထိုချိန်ကပေါ့....။

ခုတော့ဖြင့်ကွယ်

အလွမ်းရယ်စုံ

နေ့တွေကုန်လည်း

ရင်အုံမောပမ်း

သောကလန်းဝေ

ဝေဒနာစေနောက်

ကောက်ကောက်လိုက်ပါ

မဖြေသာခဲ့

မျက်ရည်စွေလျှက်  

တမ်းတဆဲ........။

Monday, December 17, 2012

သမုဒယ၏ ကပ်ပါးကောင်

မသိကိန်းနဲ့စခဲ့ရတဲ့ ဘဝ
သမုဒယမတွယ်ခင် ကာလထိပေါ့
စိမ်းနေခဲ့မိတယ်လေ
အလွမ်းနဲ့....။

ဘ၀ရဲ့ခြစ်စဉ် သီအိုရီပဲလား-?
တစ်ယောက်တည်းနေဖို့ အားမရှိတဲ့အခါ
ထားမိတဲ့သံယောဇဉ်တစ်စက
ရင်ကိုရုန်းမရအောင် ချည်နှောင်
ကြည်းနူးမယောင်နဲ့ပေါ့
အယောင်ဆောင်ခဲ့တဲ့ သမုဒယ
ခုတော့...အလွမ်းဆိုတဲ့အမည်နာမနဲ့
ရင်မှာကျောက်ချနေရဲ့။

ရောက်လေရာအရပ်၏ မျက်နှာကြက်တိုင်း
အုံ့ဆိုင်းဖွဲ့ကောင်ကင်လို
သူမကိုပဲ မော်မော်ကြည့်မိ။
မြင်လိုက်ရသည့်အရာတိုင်း
    (...ရင်ကို....)
ကြိုးမ၀ိုင်းပဲအလဲထိုးမည့်
အလွမ်း၏ပစ်မှတ်တွေချည်းပဲ....။

ဘ၀ဇာတ်ခုံ


ဘုံဓလေ့

ကြုံတွေရ ဖုံဖုံများခဲ့ပေါ့

အကြောင်းရင်းကုန်

အပေါင်းသင်းလည်း စုံသည်လေ

ကြုံလေသည့် ဘ၀။

 

သမုဒယ နုရွထန်တျာ

တေးသီကာ သီဆိုငြီး

အနုသယခရီး သံသရာ

ဖန်ခါခါလည်ခဲ့ရ။

 

ဆန္ဒ,ဘဝ

ကြုံခဲ့ရ ရွှင်မြူးပျော်၊

မကြုံသော် ကြိတ်နိုင်မခဲ

နစ်ချေပေါ့ သောက၀ဲ။

 

သံသရာထဲ ဤခရီးသောင်မှာ

ငုတ်ကောင်ပမာ ခြေကမြဲ။

 

ခင်တွယ်ရာမွဲ

စဉ်မမြဲ "အနိစ္စာ"

"အ၀ိဇ္ဇာ"စိတ်မှာစွဲ

ကြိတ်ခါလည်း ငိုဘူးသည်၊

ဥပါဒါန်မြဲ သြဃ၀ဲဤ်မြေမဟီမှာ

"ကံ"မွေ့ရာ တွေ့ကရာအကုန်စွဲ

လုံးချာလည်ဆဲ....။  

Sunday, December 16, 2012

၁၅၀၀ အလွန်

တကယ်ပါ

ကြည်နူးခွင့်ကသိပါမရှည်လျားခဲ့ဘူး။

ကာလကြာဖြစ်တည်ခဲ့သံယောဇဉ်

အသိမှတ်ပြု၍မကြာသေးခင်အဆုံးသတ်

အငြိုးနဲ့ထားရစ်ခဲ့တာလည်းမဟုတ်

အမုန်းနဲ့ထားရစ်ခ့တာလည်းမဟုတ်

နားလည်သောအသိတစ်စုံ

ကိုယ်စီရင်အုံမှာကြီးထွား

မဖြစ်နိုင်သည့်

သဘာဝတရားကုလက်မြှောက်

သူမနှင့်ကျနော်

သူစိမ်းနှစ်ယောက်လိုဖြစ်ခဲ့ကြ

သူမကတစ်ဘဝ

ကျနော်ကတစ်နေရာ

တော်သလိုသာနေကြရင်း

သံယောဇဉ်ကြွင်းကိုရှင်းထုပ်

ဘ၀၏သရုပ်ကိုပုံဖော်

နှစ်တွေလည်းအတော်ကြာခဲ့ရဲ့။

ဒီလိုနဲ့အမြှင်မပြတ်

ရင်ခက်နွယ်ကြိုးကိုအမည်ပြောင်း

အားမသန်လို့

မာန်းစောင်းတော့မည့်ဘ၀ထဲ

အဖြူရောင်ကြိုးတစ်ချောင်းကိုပဲ

(...ကျနော်...)

အမိအရလိုက်ဆွဲနေမိတယ်....။ 

အုံ့ပုန်း

မခံစားတက်သူ-ဟု

သူ-မြင်လေသည်လား...?

ဟန်ဆောင်မျက်နှာထားနှင့်ပါကွယ်။

သမုဒယအတွယ်အတာနှင့်

အနုသယပြည်ရွာထဲ

လူဖြစ်ကတည်းကပေါ့

နှလုံးသွေးမှဖြစ်တည်

ချစ်တက်ခဲ့သည်က

မင်း-တစ်ယောက်တည်း။

အသဲပေါက်မတက်စွဲလမ်းခဲ့

မြတ်နိုးရဲ့ကွယ်....၊

ဘ၀၏နေ့ရက်တို့အလယ်

ဆွေးချက်ကယ်ဘယ်လိုနာပေါ့

အကြင်နာကို မမြင်သာလိုဖုံးဖိ

ပြုမိသည့်ဝန်တာ

မတွယ်တာလို၍ပဲထင်ထင်

ဝေဒနာ...ရင်မှာသဲစေပေါ့

(အချစ်ရယ်)

လျှို့ဝှက်စွာပဲနေတော့မယ်။ 

အလွမ်းသစ္စာ

သစ္စာပြုပါသည်

ရာသီတွေဘယ်လိုပြောင်း

ကာလတို့အိုဟောင်းစေ

ရွက်ဟောင်းကြွေ နွေလည်း

နွေထဲအလျှောက်.....၊

မိုးမျက်ရည်ပုလဲ စွေလည်း

စွေသည့်အလျှောက်....၊

ငွေနှင်းရည်ဖွဲ ဝေလည်း

ဝေသည့်အလျှောက်....၊

ဘယ်ရောက်ရောက်ပေါ့

သူ့တစ်ယောက်သာ တမ်းတပါသည်

ကမ္ဘာတည်သရွေ့  မမေ့တဲ့အကြောင်း...။

ဝေးကွာခြင်းဝေဒနာ

မြေလတ်ည

လကကောင်းကင်မှာတောက်ပလို့

ပြည့်ပြည့်၀၀တော့မရှိဘူး

ဒါပေမယ့်....လင်းတယ် ။

 

ဖော်မဲ့ည

အလွမ်းကရင်ခွင်မှာတောထလို့

အစဉ်တကျတော့မရှိဘူး

ဒါပေမယ့်....နေမရဘူး ။

 

လနဲ့ကြယ်

ညရဲ့အလယ်ကလူတစ်ယောက်

လွမ်းလောက်ပါတယ်

(...ချစ်သူရယ်...)

မင်းမှမရှိပဲကွယ်....။

အလွမ်းပူ

ည....

ဟန်ဆောင်လို့မရအောင်အပူကကဲ

နွေလည်းဟုတ်ပဲနဲ့ကွယ်.......။

 

နွေယောင်ဆောင်သန်းခေါင်ည

ကြယ်ကကျဲလလည်းမပြည့်

ချစ်သူမေ့၍ထည်းတည်း

မောင်တစ်ယောက်တည်းငေးမှိုင်

(....အချစ်ရယ်....)

ယနေ့တိုင်ပေါ့ လွမ်းမောဆဲ ။

 

တကယ်တည်း...တကယ်တည်းကွယ်

နေပဲနေနိုင် မေ့ရက်နိုင်ပေ့

လူကြုံတွေ့၍စာမရေး

ဖုန်းဆက်မေးလည်း စကားမဆို

တအားကိုအနေစိမ်း

(...အချစ်ရယ်...)

ဘယ်တွက်တိန်းလေသလည်း

သူစိမ်းတွေလည်းဟုတ်ဘူး တကယ် ။

 

သတိထားလျှက်အမှားပါ

မကြိုက်တာရှိ  ပြောပါ့

ခုတော့ကွယ်......

တစ်ရပ်တစ်နယ်  တွေ့ဖို့မလွယ်မှ

တမင်သက်သက် အဆက်ဖြတ်

(....အချစ်ရယ်....)

ဘယ်အတွက်ရယ်လည်း

ရင်ထဲမှာဆူ

ကြိမ်မီးနှယ်ပေါ့  ပူလှပြီ ။

လက်တွဲဖော်

တမ်းတသမျှ

မလွမ်းရပါစေနဲ့  ဘုရား ။

သမုဒယအနမ်းများ

ခြောက်ခမ်းမသရွေ့

နှလုံးမြေကြမ်း

အနုသယလမ်းမှာ

တူယှဉ်ကာပြုံး

အကြင်နာဆုံးလူ

သူ-ကြည်ဖြူလျှက်

သံသရာခရီးအနှံ့

ခြေရာဆန့်၍ သွားပါရစေ ။

မူပိုင်ခွင့်

ကွဲအက်လို့သွားပြီ
ငါ၏ မျှော်လင့်ခြင်းတိမ်တိုက်များ။
တစ်စစီကျဲပြန့်နေ
ငါ၏ မျက်ရည်စတစ်ချို့
ငါ၏ နှလုံးသားတစ်ခြမ်း
ဘယ်လိုမှ ကောင်းခန်းမမြင်တော့
ချစ်သူရေ....
အမုန်းများဝေးပါရစေ
ချစ်သူရေ....
အပြုံးနဲ့နေပါရစေ ။
ထာဝရဝေခွင့်ဝေးတဲ့နောက်
ကြွေလွင့်ရမှာမကြောက်သည့်ပန်းလို
ရနံ့ပျောက်လို့  မြေခ
ချစ်သူရေ.....
ငါလည်းလေ.....နွမ်းခြောက်၊
တစ်ဆိတ်လောက်ခွင့်ပြုပါ
မင်းမရှိတဲ့ဘ၀ထဲ
(...မင်းကို...)
ခပ်ရဲရဲလေးလွမ်းပါရစေ ။

နေရက်ရဲသည်

နေခဲ့တော့ချစ်သူ
အပြစ်ယူလို၍မှမဟုတ်ပဲ
မဖြစ်နိုင်သည့်ဘ၀ပဲလေ
ကံငြှိးဖြေ မကျေသမျှ
သည်ဘ၀တော့ လွမ်းဖို့ဖန်
အဝေးကိုပဲပြန်ရုံပေါ့
နေခဲ့တော့ကွယ်
သွားတော့မယ်....။

ကျန်ခဲတော့ချစ်သူ
ပြန်လှည့်ဖို့မသင့်လျှော်သူမို့ ဟန်ကိုယ့်ဖို့ထိန်း
မျက်ရည်စတို့သိမ်းပါ့မယ်၊
တိန်းသွေဖယ် တစ်ယောက်တည်းပေါ့
ကျန်ခဲ့တော့ကွယ်
သွားတော့ကွယ်....။

ထားခဲ့ပါချစ်သူ
မှားခဲသူကမောင်ပဲလေ
ရှောင်လွှဲသွေ ကံပြစ်ပေး
အခွင်ရေးမှမရှိပဲ
ထားရစ်ကွယ်တစ်ယောက်တည်း
နေရစ်ရဲတယ်.....။

ချန်ခဲ့ပါချစ်သူ
ကံမွဲသူမို့ နေပျော်ရဲ
မောင်ရင်ကွဲ....ကွဲပါစေ
မျက်ရည်ရွှဲ.....ရွှဲပါစေ
လွမ်းပါစေ သဲသဲလှုပ်
တုန်လှုပ်ဘူးကွယ်  တစ်ကိုယ်တည်း
နေရက်ရဲတယ်.....။

ရင်ကွဲမိုး

ဘယ်အတွက် ညှိုးလေသလည်း
စိုး...တည်....ဖွဲ့....ညှို့
မျက်ဝန်းတို့စွတ်စိုခဲ့ပေါ့ ။

ဝေးတော့မည့်အချစ်ကြောင့်လား
မတွေးခဲ့သည့်အဖြစ်ကြောင့်လား
ပြုံးထားတဲ့ကြားကစွတ်စို
မျက်ဝန်းရယ်....
ဘာကြောင့်ပြိုတာလည်း-? ။

ထားခဲ့မည့်သူကကိုယ်ပါ
(...ဒါပေမယ့်....)
တကယ်တန်းကျန်ခဲ့သူလည်း
ကိုယ်ပဲလေ ။

မိုးရေ....
ရွာလိုက်စမ်းကွယ်
ဒီမယ်-မျက်ရည်လည်းခမ်းရော့မယ်
မစဲပါနဲ့..ရွာပါလေ
လွမ်းလို့ကျတဲ့မျက်ရည်
ချောင်းဖြစ်စေပေါ့
တိတ်နဲ့တော့ကွယ်...။

ဝေကွာခြင်းဝေဒနာ(၂ )

မနေတက်ခဲ့ပြန်ဘူး
ရေစက်ရယ်တမင်ကုန်ရော့လား
ယ္ခုဘ၀တော့ဤမျှသာ
ထာဝရကမ္ဘာအဝေးဆုံးခရီး
ရထားအိုကြီးတစ်စီးနှယ်ပေါ့  ရှေ့ဆက်
အမေ့ခက်သည့်ရင်က အလောင်ကြွမ်းခံ
အတိတ်နံရံ
သြော်...ကြေးမှုံလိုထင်ဟပ်ပြန်တော့
အလွမ်းဆက်
အလှမ်းခက်သည့်ဘ၀နှစ်ခုကြား
စည်းခြား,စည်းတား
(...အချစ်ရယ်...)
မီးလိုလောင်ကြွမ်းသွားပေါ့ ။
မကျန်တော့ဘူးကွယ်
အဖြစ်ပျက်များစွာ,အချစ်ရက်များစွာ
လေနှင်ရာရွက်ကြွေနှယ်  လွင့်ပါး
နှလုံးသားထံအင်အားမဲ့
ဖော်ပြနိုင်စွမ်းတောင်မရှိခဲ့ဘူး
တကယ်-မနေတက်ဘူးရူးတော့မယ်။

ရင်သို့တိုးခက်လေသော ရွက်ကြွေစများ

အချိန်တစ်ခုကို သက်မှတ်ဖို့
အနားခက်သွားတဲ့ လေ
ဆောင်းရွတ်တွေကို ခြွေလို့....။

နှင်းခနေတဲ့ လမ်းထဲ
လက်တွဲဖော်မဲ့ ကမ်းလက်တွေ
ဘယ်သူများထွေးပွေ့လေမလည်း...?။

စိတ်ကူးထဲမှာ မ၀ံ့မရဲ
နောက်သို့ အသာပဲ ငဲ့ကြည့်မိ
ပီဘိလဲလျောင်းနေတဲ့ ရွက်ကြွေတွေ
ဆွေးဆွေးမြေ့မြေ့ငိုနေရဲ့...။

ကူကယ်လှည့်ပါ
သူတို့တွေကိုးစား
နေမင်းက တိုက်စားလို့
ခြောက်သွေ့ဘ၀ အနားသတ်
အမှိုက်အဖြစ် အဆုံးမသက်ခင်
တံမြတ်စည်း၏ ရင်ထဲ
"ကြင်နာခြင်း"မြဲဖို့
(...ကျနော်...)
ဆုတောင်းလို့ နေမိတယ်လေ....။

ရည်ညွှန်း...။
               ဆောင်းဦးမနက်ရွတ်ကြွေ တစ်ချို့ဖြင့် ကျေးလတ်မှ                                 ဘ၀ဖြစ်စဉ်တစ်ချို့ကိုခိုင်းနှိုင်း  ရေးဖွဲ့ပါသည်။ အမှိုက်တစ်စလို ပျောက်ကွယ်ခဲ့ကြရသော ကျေးလတ်လူတန်းစား 
 တစ်ရပ် ဒီနေ့ခေတ်ထိ ရှိနေကြသေးတယ် ဆိုတာကိုလည်း မြင်သာစေချင်ပါ၏။
  ပြီးတော့ လေနှယ်,တံမြတ်စည်းနှယ် လူတန်းစားတစ်ရပ် ကိုယ်ကျိုးတွက် ယပ်နေကြသည်ကိုလည်း  မချင့်မရဲ ဖြစ်လွန်းလို့ပါ.....။ ထိုသို့သော လေနှယ်,တံမြတ်စည်းနှယ် လူတန်းစားများ" လောကမှ" ဝေးရာ သွားပါစေ" ဟုလည်း ရည်းညွှန်းပါသည်...။

လွမ်းဖို့ဖန်လေသော ကြမ္မာ

မမြင်ရကြာပေါ့
"ထာဝရ"ဆိုတာကို မျှော်နေမိတယ်
မဖြစ်နိုင်မှန်းလည်း သိသိနဲ့။

ရင်မှမခွါတော့
"တွယ်တာဘ၀"ကာလတွေကြာ
သံယောဇဉ်အခိုင်အမာနဲ့ ကျောက်ချ
တမ်းတမိသမျှ အလွမ်းချည်းပဲ။

ကာလတွေကြာပေါ့
ဒေသတွေကွာ အနေဝေး
နောက်ကြောင်းမအေးတဲ့ ဆုံမှတ်
ဆောင်းရက်မှာတောင် နွေထက်ပူတယ်လေ။

ရေစက်ရယ်ချာတော့
မဆုံဘ၀ သုညမှာခြေမြဲ
ဝေခွဲမရတဲ့ ဘ၀ပေး
"ကံကြွေး"လို့သက်မှတ်ရင်း
ချစ်သူရေ....
အလွမ်းနဲ့ဇာတ်ဖြစ်အောင် ခင်း
အမှောင်ည မိုးမလင်းသေးခင်ပေါ့
ကကြိုးပျောက်မှာကိုပဲ စိုးထင့်နေမိတယ်...။

စာနာခြင်း

လမ်းပေါ်မှာတွေ့
ဟိုတစ်နေ့က
ချစ်သူနှစ်ဦး
ချစ်ကြည်နူးပုံ
မြင်တုန်ခဏ
ရွှေရင်ဝသို့
အလွမ်းလာ၍ ကိုက်ခဲ့သည်။

သြော်...ဟိုတုန်းဆီည
တစ်ခါကလေ
ဤနှယ်တို့များ
တီတာစကားဖွဲ့
အနာဂါတ်နေ့
နှစ်ကိုယ်မေ့ပျော်
ကြည်နူးဖော်ဘဝ
ထာဝရထင်
ဟန်မပြင်နိုင်
ရင်ခွင်မဏ္ဍိုင် ဆောက်ဘူး၏။

ခုနှယ်တို့တွေ၊ဘ၀စေရပ်
ရင်လှပ်ထွက်ခွါ၊နေရာနယ်ခြား
တီးတိုးစကားမဲ့၊အလွမ်းနဲ့ပျော်
စိန်ခေါ်ရာဘ၀၊အလိုက်သင့်ကနေ
ဤအခြေနေဆိုး၊နောက်လူမတိုးဖို့
စနိုးစနောက်၊ခွန်းခြွေထောက်မိ
မျက်ရည်ခြောက်သည့်နေ့ချည်း ဖြစ်စေသော်.....။

Thursday, December 13, 2012







သို့...ခင်တွယ်ရာ

သံယောဇဉ်တေး

သီဆိုကြွေးဟစ်

လမ်းသင့် ဘဝ

ဆုံဖြစ်ကြစဉ်

ရင်လွန်းတင်ကြိုး

ခိုင်မာတို့းလို့ ချည်မိသည်။

 အချိန်ကြာဆွေး

ဘ၀ပေးက

နေ့များစွာကျော်

စိန်ထခေါ်စဉ်

ချိန်မှန်လွန်၍

ပုံမှန်မရောက်

ခရီးထောင့်နား

ဆုံခွင့်နေ့များ နည်းခဲ့သော်......၊

 သံယောဇဉ်ပါး

လွန်းစံနားပြတ်

နှုတ်မဆက်ဝံ့

နေရက်ရစ်လျှင်

ကြံမှိုင်မတွေး

ခံနိုင်ရေးမည်

မေ့ဆေးသီ၍ ထားခဲ့ပါ။

နေစားသောဘ၀များ


ကိုင်းတစ်ခွင်

ပဲသင်ကြတသောသော။

 

ထမီတို ဖျင်ညိုလက်ရှည်နှင့်

ကညာဆို မြာပျိုတစ်သင်းမှာ

တေးဟစ်ရင်းမော။

 

နုထွေးငယ် မဒီတစ်ယောက်ရယ်က

ခမောက်လေးကိုတဲ့ ဆောင်းမည့်ဟန်

ဆံထောက်ဆံ နောက်လှန်လို့ရစ်ထုံး။

 

လုပ်ငန်းခွင် ပျော်ရွှင်သည့်ထုံးကို

ခင့်ဘုန်းမြင် မပြုံးရွှင်နိုင်ဘူ့

ကျွမ်းနင့်နှလုံး....။

နေစားသောဘ၀များ(၂ )

ဝမ်းအရေး ဘ၀ပေးမနေသာ

နွားညိုပြာ ညီနောင်များနဲ့

နင်လားမကွာ ။

 

ဟယ်,နင်,ငါ အော်ကာသုံးလို့

ဖိုးသာအောင် ထွန်ညိုတုန်းနဲ့

ရုန်းခဲ့ရရှာ ။

 

စိုက်လေတဲ့ သီးနှံ

မိုးမမှန်လို့ မျိုးရှုံး၊

ကံပေးလို့ မိုးလေမှန်

ဟန်ပြန်သကွယ့် ရွှင်ပြုံး ။

 

ပွဲစားမောင် ကိုညိုလုံးတို့

ဈေးနှိမ်လို့ မဆုံး ။

ဖြောင့်မျဉ်းလေးတစ်ကြောင်း

အများနဲ့နှိုင်း
လူတိုင်း ဘယ်ရိုင်းချင်မှာလဲ
ဘ၀ရဲ့ သမိုင်း။

ရှု့တိုင်း မမြင်တက်တဲ့လောက
ဝိသမက ဂုတ်ခွထားရင်
မှန်နေတာတောင် အမှားမြင်တက်တယ်လေ။

ဘ၀ချိန်ခွင်စက်ပေါ်
သမာဓိလျော်လေးတစ်ချောင်း
ထပ်ဆောင်း ကြည့်လိုက်စမ်းပါ
ဒီမှာ...သူငယ်ချင်း
ဝိသမနဲ့မစင်းလဲရင်ပေါ့
ဆင်းရဲတွင်းနက်နေပါစေ
(...ဘ၀က...)
အနုပညာမြောက် လှနေသေးတယ်။

 ရည်ညွှန်း ။    "မျဉ်းဖြောင့်ဆွဲခြင်းနှင့်မျဉ်းကိုဖြောင့်စွာကြည့်တက်ခြင်း"
ကြောင်းကို အားမာန်အပြည့်နှင့်
      ပြောပြပေးသွားသော အစ်ကိုကြိး သို့ ဦးခိုက်လျှက်...။

Sunday, December 9, 2012

အလွမ်းသက်သေ

ကုန်ဆုံးခဲ့ပြီ
မျှော်လင့်ချက်တစ်ချို့
အပျော်နေ့ရက်တစ်ချို့
အစအနမကျန်
ရင်ခွင်နံရံပြိုလဲ
နှလုံးသားလည်း  ကြွမ်းခဲ့ပေါ့ ။

လှမ်မ်းခဲ့ဖို့မခေါ်
ပြန်လှည့်ဖို့မတောင့်တ
မသက်ဆိုင်တော့သည့် ဘ၀နှယ်
ချစ်သူရယ်....
ငါလေအဝေးဆုံး
မင်း-မမြင်အောင်ပြေးပုန်းပါ့မယ် ။

ဒါပေမယ့်....
မပြီးဆုံးသေးတဲ့ဘ၀နယ်ထဲ
အလွမ်းတစ်ခုတည်နှင့်ပါ
ချစ်သူရေ....
(...ငါလေ...)
မင်းကိုလွမ်းတိုင်း ငိုနေပါရစေ။

နှင်းဆီပျိုးခင်း