နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, June 24, 2013

အလွမ်းတစ္ဆေ

ညတွေက

တိတ်ဆိတ်နေလိုက်တာ

အပ်ကျသံမျှ မကြား။


အရိပ် လိုလို
အရောင် လိုလို
ဂယောင်ခြောက်ချား ဆေးသားများ
အမှောင်နံရံမှာ
လိုင်နာဆွဲ , ကန့်လန့်ပြေး , လှုပ်ရှား။

ဗူးလေးရာ
ဖရုံဆင့် သောကတစ်ပိုင်းနဲ့
ရင်ထဲမှာတော့ ဝုန်းဒိုင်းကြဲ
စိတ်က
စိတ်ကိုတန်ပြန်လွှမ်းမိုးခြင်း အသိုက်ထဲ
တိုးလိုးတန်းလန်းဝေဒနာတွေ
သက်ငင် ပြေးလွှားစေခဲ့။

စိတ်နဲ့မကပ်တဲ့ ကိုယ်
ကိုယ်နဲ့မကပ်တဲ့ စိတ်
ပစ္စုပ္ပန် အတိတ်
နှစ်ဖက်နင်းလှေနံပုံရိပ်များ
ညကိုငုံရင်း ဝါး မျို
ရွတ်ကျတိုင်းရှင်မည့် ပင်ပျိုအလွမ်းများ
တစ္ဆေတစ်ကောင်အလားပေါ့
ငါ့ညတွေကို ယိမ်းနွဲ့ခြောက်ချားစေခဲ့။

သတိနဲ့မကပ်တဲ့
အသိတရားလေးတစ်ပိုင်းတစ်စနဲ့
"ပဗ္ဗာဇနီယ"ညှပ်မရတဲ့ ဒီတစ္ဆေ
ညတိုင်း
ခြောက်နေတော့မှာလား မိငယ်။

ချစ်လွမ်းဝေ(ရွှေမျှောင်)
၂၄-၆-၂၀၁၃(ည=၁၁း၁၁)




Tuesday, June 4, 2013

တောင်စဉ်ရေမရ


ကိုယ့်ကိုယ်ကို ဟန်လှပြီအထင်နဲ့

ကန်ကန်ချနေမိတဲ့ အတွေးတွေ

ဆက်ဆက်ယို ဖိတ်စင်နေသမျှ

ငါ့အိပ်မက်ဆိုးနဲ့ ငါ

မကြာမကြာ ရန်ဖြစ်နေရဦးမည် ထင်...!

 

မလာချင်ပါဘူး .. မလာချင်ခဲ့ဘူးလေ

ခက်နေတာက လွတ်လပ်နေတဲ့အတွေး

အငြိမ်မနေဘူး

ရှောက်ရှောက်ပြေးတယ်။

 

ခက်တယ်

ထိလွယ်ရှလွယ်သောကက

မြင်မြင်ရာမှန်သမျှလှမ်းဆွဲလို့

ဒီလိုနဲ့ပဲ

(...ကျွန်တော်...)

ရှုပ်ရှုပ်ထွေးထွေး အိပ်မက်တွေနဲ့

လုံးချေရှုပ်ထွေးနေမိတယ် အမေ။

 

ချစ်လွမ်းဝေ(ရွှေမျှောင်)

မိတ္တူ

ကောက်ကြောင်းလေးတစ်ခုပါပဲ
ရင်ထဲမှာမြဲနေတဲ့ ပုံရိပ်
ငါ့အလွမ်းကို ဖိတ်စင်စေခဲ့သူ။

ကြည်ဖြူမလား,မကြည်ဖြူမလား
လုံးလုံးလျားလျားမသိခင်လေး
အဆွေးက
ရင်ထဲကို ဆေး ချယ် လို့
”လွမ်းစေတော့ရယ်”
ရည်ရွယ်ရင်းလား။

နှလုံးသားကမသိလိုက်မသိဘာသာ
နေတက်ခဲ့ရင် ကောင်းမယ်။

ခုတော့ ...
ခံစားလွယ်တက်သူ မဟုတ်ပေမယ့်
ဒီ ခံစားချက်ကိုတော့
မချေဖျက်နိုင်ခဲ့ဘူးလေ။

ခပ်ရေးရေးပါ
ဒါပေမယ့် .. အဲဒီပုံရိပ်
လွမ်းတိုင်း
နှလုံးသာမှ ဖိတ် စင် လွင့် ကျလို့
ငါ့ကို
ဝေဒနာတွေထဲ ဆွဲဆွဲချသွားတယ်။

ချစ်လွမ်းဝေ(ရွှေမျှောင်)
၎-၆-၂၀၁၃ (ည=၉း၅၁)