နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, May 26, 2013

ဝဲကုတ်ရင်း မြို့ပြသီချင်းဆိုနေတဲ့ မြို့တော်

တရိပ်ရိပ်တက်နေတဲ့
ကာလပေါ်မိုးရေစက်တို့ကြားမှာ
သူက မရှု့သာမကယ်သာ နစ်မြုပ်။

လှိုင်းလုံးတို့တအိအိပြိုနေတဲ့ ပင်လယ်တစ်စင်းလိုလို
မြူဆိုင်းနေတဲ့ကောင်းကင်တလင်းလိုလို
သူ့မှာ အသက်ရှူဖို့အချိန်က မရသလောက်။

ထိုးဖောက်လာလိုက်သည့်ခြစားအခင်းအကျင်း
သူ့ကို နင်းနင်းထားလို့များလား
သူ့မှာ ကာကွယ်မှုထက်
ခုခံခြင်းသာမကြာမကြာ ပြုလုပ်နေရ၊

ဒီလှိုင်းတွေကလည်း တရိပ်ရိပ်
မြူခိုးတွေကလည်း အလိပ်လိပ်
အထိတ်ထိတ်အပျာပျာနဲ့ ပျာယာခတ်နေရ၊

ခေတ်ကာလသားသမီးတွေကို
တစ်မီးနစ်တစ်ယောက်မွေးပေးနေရလို့
သူ့မှာ ဘိုးမွေဘွားမွေတောင် ပျောက်လုမတက်
ရှေ့ဆက်ဖို့ အားကိုမနည်းမွေးနေရတယ်။

တိုးတက်နေတဲ့ခေတ်များ
ကြည့်စမ်းပါဦး
မီးခိုးလုံးတွေ အလိပ်လိပ်
မီနီစကပ်တွေ ကြပ်ကြပ်သိပ်
ကိုယ့်လမ်းကိုတောင် တထိတ်ထိတ်လျှောက်နေရ၊

ကိုယ်ဝတ်မလုံမလဲနဲ့ ခေတ်မှာ
သူ့ခမျာ စာရိတ္တကိုလုံအောင်ဖုံးနေရတာနဲ့တင်
ကျောမလုံရင်မလုံ ဖြစ်ခဲ့ရ၊

အသက်ရှူသံပြင်းလာသည်နှင့်အမျှ
သူ့ ညတွေက ယိမ်းထိုးကလို့
တိုး တိုး သွားလိုက်ကြတာ
နီယွန်ပြာပြာနဲ့လမ်းမတွေသာ
တဖြည်းဖြည်း များများလာတယ်
သူ့မှာ ...
ခုထိ ကူကယ်ရာကမတွေ့သေးဘူး။

ရေဆေးငါးနှယ်လှနေတာလေး တစ်ခုက
မြစ်ညာကသူ့ပုံရိပ် တစ်ချို့
လေညှင်းတို့ကို သယ်ယူဆောင်ကျဉ်းပေးနေတာပေါ့။

ဆည်းဆာနှစ်ခုရဲ့ ရောင်ခြည်က
သူ့ပုခုံးမှာ မေးတင်တိုင်း လှလို့
ရွှေအိုရောင်မြစ်မင်းနို့တို့ကိုငေးမောဆဲ၊

ဒဂုံက ရန်ကုန်တဖြစ်လဲ
သူ့မှာ ဘဝင်မြင့်ဝဲမပေါက်ဘူး
သူ့လမ်းသူ သူဖြောင့်ဖြောင့်လျှောက်နိုင်ခဲ့တယ်။

ဒါပေမယ့်.....
ခေတ်ကာလဝဲအစွဲမှာ
ဒဂုံတဖြစ်လဲ ရန်ကုန်က
ကုတ်လေယားလေနဲ့ကုတ်နေဆဲပါလေ
အတောမသက်နိုင်သေးတဲ့ ဝဲအစိုတွေများစွာနှင့်...။
 

    ချစ်လွမ်းဝေ(ရွှေမျှောင်)


ဝါးစည်းလေးတွေ မပြေစေချင်

နေက
နေ့ကိုစားတဲ့ကိန်းတွေထဲ
ညက
လကိုထမ်းရင်း လမ်းသလား၊

လက

ညကိုစားတဲ့ကိန်းတွေထဲ
နေ့က
နေကိုထမ်းရင်း လမ်းသလား၊

အချင်းမများကြပါနဲ့

လောကကိုက
လမ်းသရဲဆန်ဆန်ကကွက်နဲ့
ဆိုင်းမဆင့် ဗုံမဆင့်
အရေးအခင်းတွေ
ထထဖြစ်နေတဲ့ လောက
သောကတွေများတိုင်း
စိတ်တိုလက်ရ ဖြစ်နေရင်
ကျုပ်တို့တွေ
ဘယ် ...
စည်းလုံးခြင်းလွင်ပြင်ဆီ ရောက်မလဲ။

ချစ်လွမ်းဝေ(ရွှေမျှောင်)
၂၆-၅-၂၀၁၃ (ညနေ=၅း၄၅)


အထီးကျန်မိုး ( ၂ )

မကျစေချင်ပါဘူး

မျက်ဝန်းကိုစွတ်စိုပြီးမှ

အထင်ကရဖြစ်မည့် မိုး

ဘယ်တိမ်ဆိုးကြောင့်မှ မရွာစေချင်ဘူး။

ဖြစ်နိုင်ရင်ပေါ့

သောကကို ဒေါသတကြီးဖြစ်စေပြီးမှ

ညှိုးခွင့်ရမည့် တိမ်

ဟော့ဒီ မျက်ဝန်းအိမ်မှာ

ဘယ်ကံကြမ္မာကြောင့်မှ

အုံ့စိုင်းတာ မခံချင်ဘူး။

ဒါပေမယ့် ...

ရင်ကိုရစ်သိုင်းလာတဲ့ အလွမ်း

တစ်ဖတ်သက်ဆန် ကျွမ်းမြေ့စေသမျှ

(... ငါလေ ...)

တစ်ခဏတော့ ငိုပါရစေ မိငယ်။


ချစ်လွမ်းဝေ(ရွှေမျှောင်)


ဝေးကွာခြင်းဝေဒနာ ( ၃ )

လသာစဉ်ခိုက်
လနောက်လိုက်၍
ညဉ့်၌ မျှော်မိလေသည် ခင်။

နေသာစဉ်ခိုက်
နေနောက်လိုက်၍
နေ့၌ မျှော်မိလေသည် ခင်။

နေ့စဉ်ညတိုင်း
ရင်ရိပ်မှိုင်းညို့
အလွမ်းတို့ ပြည့်
လွမ်းလို့ မေ့မူး
လွမ်းဖို့ လူဖြစ်ဦးမည် ခင်။

ချစ်လွမ်းဝေ(ရွှေမျှောင်)
၂၆-၅-၂၀၁၃ (နံနက်=၁၀း၀၀)


Friday, May 24, 2013

နွေနှောင်းဒဏ်ရာ

ရုတ်တရက် ဘာပြောရမယ် မသိ
ရေးဆွဲထားကြည့်သမျှ
အနာဂါတ်ပုံဆောင်ခဲများ
တစ်စစီ တစ်ပိုင်းစီ
အစီအရီ ပြိုကျ ပျက်စီး
ပြီတီတီနဲ့ ပြီးရောတဲ့လား - ? ။

"ဆက်ရန်မရှိတော့လို့ပါ" တဲ့

ဒီစကားနဲ့
ဝေဒနာများစွာ
အခန်းဆက်ခြေရာထွင် ချန်ရစ်ခဲ့ ... ၊

မဖြစ် ဖြစ်သလို နားလည်ပေးဖို့

အားအင်တို့ နှလုံးသားထံပို့ကြည့်တယ်
ဒါပေမယ့် .....
ငြင်းဆန်နေတဲ့မသိတရား အကြည့်မှာ
အကြိမ်ကြိမ်အခါခါ ခေါင်းငုတ်လို့
ဝေဒနာက
ကျူငုတ်ပမာအညွန့်တလူလူတက်ဆဲ
... ၊

ကံနည်းရာကြမ္မာငင်ခြင်းလား

မျှော်လင့်ချက်နဲ့လွဲရတဲ့ အထဲ
မော်ကြည့်မိတဲ့ ကောင်းကင်က
ညိုမဲအုံ့ဆိုင်းလို့
ဝမ်းပန်တနဲ သဲသဲလှုပ်ငိုနေခဲ့ ... ၊

ဥသြလည်း မရှိတော့ပြီ

ပုရစ်တို့လည်း ရိုးတံရင့်လို့
ရွတ်စိမ်းအဖြစ် ပြောင်းလဲခဲ့ကြ
ပိတောက်တစ်ချို့ကတော့ ပွင့်ဆဲ
ခပ်လှမ်းလှမ်းက လမ်းမထဲ
ဝေ့၀ဲလှမ်းအကြည့်
မညီတဲ့သီးကင်းပွင့်ချပ်တို့
နဲ့
တမာတစ်ချို့ ဝေလို့ ... ကြွေလို့
နွေကိုစွန့်ဖို့ စိုင်းပြင်လျှက် ... ၊

ရင်အထက်

ပင့်သက်တစ်ခု လှိုက်တက်လာတယ်
ဆွဲဆန့်ထားချင်တဲ့ ဆန္ဒတို့က
မြေသင်းနံ့ခြေဖုဝါးမှာ ကပ်ပါးခိုလို့ ... ၊

နွေနှင့်အတူ

သူ ...
ငါ့ကို ချန် သွား ပြီ ... ။


ချစ်လွမ်းဝေ(ရွှေမျှောင်)
၉-၅-၂၀၁၃ (နံနက်=၉း၂၀

 

ဖျက်ပိုး

အဖေ မြန်မာ
အမေ မြန်မာ
နင် မြန်မာ

ရင်ဗလာ ကျောကွက်
အရှက်ပျက် မြင်ကွင်း
 

အဲဒါ ...
မြန်မာ့ရှုခင်း မဟုတ်ဘူး ။

ချစ်လွမ်းဝေ(ရွှေမျှောင်)
၂၃-၅-၂၀၁၃ (ည=၇း၄၅)
မြောက်ဥက္ကလာ မီးပွိုင့် 

 

သမင်လည်ပြန် တမ်းချင်း

ဘာမှတော့ မဆိုင်ဘူး

အမှတ်တမဲ့ကြည့်မိတဲ့လည်ပြန်မှာ

ဒီအကြည့်က

ခွါမရတော့ , ကွာမကျတော့ ။

'သတိတရ'ဆိုရလောက်အောင်
အမှတ်သညာက
တေ့တေ့ဆိုင်ဆိုင် မှတ်မှတ်သားသား
မှတ်ထားတာ မရှိခဲ့ ။

ဒါပေမယ့် .....
ကြည့်လိုက်မိတဲ့ ဒီနေရာ
ခနော်နီခနော်နဲ့
ယိုင်တဲတဲခုံတန်းလျား တစ်လုံး
ကပိုကရို မှုန်သိုသိုမျက်ဝန်း တစ်စုံ
ရင်အစုံကိုယက်ယှက်
လက်ယက်ခေါ်ငင်ခြင်း ခံခဲ့ရ ။

တမ်းတလို့တော့မဟုတ်ဘူး မိညို
ဒါပေမယ့် .....
ဒီလမ်းကိုကြုံတိုင်း
ဒီခုံနဲ့မျက်လုံးဝိုင်းလေးကို
(... ငါလေ ...)
လည်ပြန်ကသိုဏ်းလေး ရှု့နေမိတယ် ...။

ချစ်လွမ်းဝေ(ရွှေမျှောင်)
၁၀-၅-၂၀၁၃(ည=၁၀း၀၉)


လမိုက်ဘဝ

ညက ညကိုဝါးမျိုဖို့ အားထုပ်နေချိန်

ဘဝရဲ့ ထားသလိုမဖြစ်တဲ့အကြာင်း

တွေးနေမိ

ရေရေရာရာမသိမှုများ

ရေရာခြင်းမရှိသေးသည့်

ဘဝ၏ခါးမှာ

ခါးတင်ခွအထိုင်ခိုင်းထားရင်

ပြည့်စုံခြင်းဆီ ပျံသန်းဖို့

ငှက်တို့ရဲ့ အားအင်မျိုး

မွေးဖွားဆဲပါ

'တွေ့မလား' စိတ်ကူးက

နေ့,ညတွေကြားမှာ လူးလွင့်လို့

ရှေ့ ဖြစ်တို့အကြောင်း ငေးမော

မတည်မြဲခြင်း သဘောကို

သဘောတကျမရှိသလိုမျိုး

မျက်မုန်းကျိုးကျိုးနဲ့

မျက်ထောင့်နီမျက်စောင်းချည်

ထိုးထိုးကြည့်မိ

မသိမှုတိုင်းသာ'အဝိဇ္ဇာ'ဆိုရင

အဲဒါ ... သေချာပါတယ်

ဘဝက

ညလိုအမဲရောင်မှာပျော်မွေ့ဆဲ ဆိုတာ

ကလင်(န်)ဒါကြည့်စရာမလိုဘူး ။

 
ချစ်လွမ်းဝေ(ရွှေမျှောင်)

၁၃-၅-၂၀၁၃ (ည=၁၀း၄၉)


ခွင့်

အနှိုးခက်တဲ့ မနက်ကို

မိုးတစ်စက်က မျက်နှာသစ်

မလုပ်မဖြစ် မဖြစ်မနေထဲက

'ဝမ်းရေး'ကိုလက်ဆေးခူးစားဖို့

ကျွန်တော်

နံနက်ခင်းထမင်းဝိုင်းနား

အခန့်သင့်ထိုင်မိလျှက်သား ဖြစ်ခဲ့၊


ပြေးပြေးလွှားလွှားသိုင်းဖက်လ
ာတဲ့

မိုးသက်လေပြေပြေပြစ်ပြစ်မှာ

သစ်တန်းတို့ခမျာ ဦးနှိပ်

သက်ငြိမ်ဆိတ် ခက်မဖြာနေလိုက်ပုံများ

လမ်းတို့တောင်လွမ်းပျော်ဖွယ်ကြီး အတိ၊


တဖျောက်ဖျောက်

စည်းတော် စည်းလိုက်သံနဲ့

အိမ်မိုးက သွပ်တို့အထံမှာ

နားဝင်ပီယံက

သာသလိုလို မသာသလိုလို

ရွှဲရွှဲစိုသစ်အိုပင်တို့ကို ငေးလို့၊


ရေဖွေးဖွေးနဲ့

ကွင်းလမ်းမကို ကြည့်ရင်း

သက်ပြင်းတစ်ချက်

ခပ်တိုးတိုး ခိုးလျှက် ချနေမိ၊


ဒီနေ့

ပျက်ကွက်စာရင်းနဲ့

ခွင့် တစ်မနက်တင်ဦးမည်....။


ချစ်လွမ်းဝေ(ရွှေမျှောင်)

၁၅-၅-၂၀၁၃ (နံနက်=၉း၂၅)


ဆင်ခြေဖုံး

ရယ်သံများ မောသံများ

အော်သံများ ဟစ်သံများ

ဆဲသံများ ဆိုသံများ

နေစား,လေစား ဘဝများ

ရေခြား,မြေခြား အနာဂါတ်များ

ထိုးထိုးထောင်ထောင် လမ်းမများ

ကျီးတိကြောင်တောင် မျှော်လင့်ချက်များ

မညီမညာ ပုံရိပ်များ

မပီတပီ ရောင်စုံများ

လိမ်း ကျံ ချယ် သ

နင်ပဲငဆ အုပ်မိုး ပြိုကျ

(... သူ့ ခမျာ ...)

မဝတဝ အသက်ကို

ခပ်မျှင်မျှင်လေး ရူနေရတယ်...။


ချစ်လွမ်းဝေ(ရွှေမျှောင်)

၁၅-၅-၂၀၁၄ (ည=၉း၁၇)


ခရီးသွား စိတ်ကူး

လရေးကွေးကွေးနဲ့ ညက

ငါသွားရာနောက်

တကောက်ကောက် လိုက်လို့

အိပ်ငိုက်မဖြစ်တဲ့ ခုံကျဉ်းထဲ

တအိအိတငြိမ့်ငြိမ့်ခုတ်မောင်းဆဲကားပေါ်

အတွေးတို့ခေါ်ရာ မျောပါမျှော်ရင်း

လိုက်ခဲ့ ။

တစ်ချက်တစ်ချက်

ရှိုက်တက်လာတဲ့ လေပြေ

တစ်ခါတစ်ခါ

ကွေ့ဝှိုက်သွားတဲ့ ဟိုင်းဝေး

စိတ်ထဲမှာရှုပ်ထွေးနေတဲ့ အတွေးရပ်ဝန်း

စိမ်းစိုညှို့မိုင်းသော ဝဲယာ

မသာတသာ လရေး

မျက်လုံးမှေးလိုက်လာသည့် ခရီးသည်တစ်ချို့

မြင်ကွင်းတို့

ဟိုဟိုဒီဒီလွင့်မျောရင်း

အမြန်ယဉ်ရင်တွင်းခွေလျှက်

မွေရပ်သို့အပြန်ခရီးကိုနှင်

မနက်ဖြန်နေမမြင်ခင်ပေါ့

ကျွန်တော်

အမေ့ရင်ကို ပြေးဝင်ပွေ့၍ဖက်ဦးမည်။

ချစ်လိမ်းဝေ(ရွှေမျှောင်)

 

လွမ်း


မကျေမလည်ဖြစ်တိုင်း

ညွှတ်ကိုင်းကျ စူ

နှုတ်ခမ်းထူထူလေးရဲ့

အနားကို ကိုက်

ဂျီတိုက်တက်တဲ့ မင်းအကျင့်

တွေးမိတိုင်း

နင့်နေအောင် လွမ်းတယ်။

 
ပျော်ရွှင်ဖွယ် ရယ်မောတိုင်း

နုပါးပြင် နူးညံ့ညံ့

ချိုက်ခွက်နုသွေး

သွားတက်လေးနဲ့ မင်းဟန်

ရယ်မောသံ ကြားတိုင်း

(...ရင်က...)

ရုန်းမရအောင် ဝုန်းဒိုင်းဆန်

မလှန်နိုင်ပဲ လွမ်းတယ်။
 
ချစ်လွမ်းဝေ(ရွှမျှောင်)



မျောလွင့်ခြင်း

စိတ်တစ်ခုကိုအလွတ်ကျက်ဖို့
စိတ်တူကိုယ်တူစားကျက်ထဲ
စိတ်တွေကို လွှတ်ကျောင်းနေမိတယ်
စိတ်ကူးနဲ့ဘဝတော့
တစ်ထပ်တည်းမကျသေးဘူး အမေ။

ကိုယ့်အသိုက်ထဲ
ကိုယ်လိုသလိုရေးးဆွဲထားသည့်
ဥပဒေသတွေနဲ့
ဘာသာကောက်ချက်ချရင်း
မျှော်လင့်ခြင်းဆိုတာကို
လိပ်စာတပ်ကြည့်တယ်
မကျွမ်းကျင်တဲ့သံယံဇာတကို
သွင်းကုန်ထုပ်သလိုပါပဲ အမေ
ကျွန်တော့်မှာ
ဆုံးရှုံးမှု ဒဏ်ရာအနာအဖေးတွေနဲ့။

အိပ်မက်နဲ့
လိုက်တမ်းသက်သက်ဆော့နေရသလို
မျိုး
ပြေးဖို့အရှိန်ကမရသလောက်
သူ့နောက်ကိုချည်း လိုက်နေရ
အလိုပြည့်မှုနည်းနည်းအတွက်
အက်ကွဲကျေမွခဲ့ရတဲ့ အချိန်တွေ
နောင်တမှန်ထဲ ပုံနေမှ
သတိရလိုက်မိတယ် အမေ
တစ်ချိန်တုန်းကအချိန်တွေ
နှမျောဖို့
တကယ်ကောင်းတဲ့အကြောင်း။

ဒီလိုနဲ့
စိတ်ပြေလက်ပျောက်ခေါင်းစဉ်
အောက်မှာ
စိတ်ကူးတဲ့ရာနောက်လိုက်ရင်း
ပေစ္စက္ခအခင်းအကျင်းထဲ
ကျွန်တော်နဲ့စိတ်တူကိုယ်တူ
တွေကိုပဲ
ရိတ်သိမ်းဖို့
(... ကျွန်တော် ...)
အားထုပ်နေမိတယ် အမေ...။


ချစ်လွမ်းဝေ(ရွှေမျှောင်)

၁၇-၅-၂၀၁၃ (နံနက်=၉း၃၀)



အရည်မရ အဖတ်မရ

ညနေခင်းက
ပုဇွန်ဆီရောင်လည်ဆွဲနဲ့
ခပ်ရဲရဲ လှလို့ ... ၊

ကမ်းပါးစ အစွန်းမှာထိုင်းရင်း

စိတ်လွတ်လက်လွတ်
စိတ်ကို လွှတ်ချလိုက်တယ်။

လွင်နေတဲ့ တိမ်တွေ

အငြိမ်မနေတဲ့ စိတ်ကူး
တောင်လေကလည်း ဖြူးဖြူးတိုက်လို့
မောဟိုက်ဖို့ သတိမရမိဘူး။

အစုန်,အဆန်

သင်္ဘော,သမ္ဗာန် အချို့
ဇင်ယော်တို့ အဝဲအပျံနဲ့
မြစ်မင်းက
သူ့ရုပ်,သူ့ဟန် ပီသဖို့
စက်ရုပ်ဆန်ဆန် ရုန်းကန်လျှက်၊

ဝန်းကျင်ကိုတောင် ငဲ့မကြည့်မိဘူး

ကမ်းနဖူးအတိုင်း လိုက်ခဲ့မိ
အမည်မသိအရာတွေက
"ဝေဒနာ"ဆိုပြီး
ရင်ထဲကို လာလာခွေသွားတယ်။

စိတ်စေရာလျှောက်ရင်းနဲ့

ဖိနင်းခဲ့တဲ့ ခြေရာတစ်ချို့ကလည်း
နှလုံးသားကို ခပ်ဆက်ဆက်လေး
ခြေဆောင့်ဖနောင့်လေး
ပေးသွားရဲ့၊

ခေါင်းငုတ်လိုက်ခေါင်းထောင်လိုက်နဲ့

လတာပြင်ကို ဦးခိုက်ရင်း
ငိုက်ငိုက် ဆင်းသွားလိုက်တာ
ခွပ်လက်စမ်းနေတဲ့ ကြက်တစ်ကောင်နှယ်
လှိုင်းတို့က
ခုန်စွ ခုန်စွနဲ့ရယ်လေ...။


ချစ်လွမ်းဝေ(ရွှေမျှောင်)


လောကထဲမှာ

အပယိကတွေကြားထဲမှာ
ဘဝ အသိတွေမမှားဖို့
ခဏခဏရှုနေမိတာက
အသက်ရူသံ မှန်၏ မမှန်၏ ။

လှန်ကြည့်လိုက် လှောကြည့်လိုက်နဲ့

မောဟ စည်းဝါးတိုက်ရင်း
လောကဓံဇာတ်လိုက်က
ကျောမှာ ရင်မှာ
သူ့ ခြေရာချည်း

ဆေးရင်း ကျောရင်း
ဆေးကျောလို့မနိုင်တဲ့ စိတ်က
နောက် တစ်ခါ ကြည် တစ်လှည့်
ညီ တစ်လှည့် ကောက် တစ်ခါနဲ့
ပေပေတေတေ ငတေဇာတ်ခင်း
ပျက်ရင်း ပြင်ရင်းနဲ့
ကျွန်တော်
ရှေ့ဆက်ခြင်းအမှုကို ပြုနေပါကြောင်း ... ။


ချစ်လွမ်းဝေ(ရွှေမျှောင်) 


ယုန်ထင် ကြောင်ထင်နဲ့ ခြုံကိုမြင်တိုင်း ခုတ်ထွင်ရှင်းလင်းနေမိတယ်

ဒီနေရာ
ရေခံမြေခံတော့
သိပ်မကောင်းခဲ့ဘူး အမေ။

ဖြတ်သွားဖြတ်လာ
အရောင်တွေမှာ
အာရုံက
ယုန်လိုလို ကြောင်လိုလို
ထင်မိမှား။

သိမှုနဲ့မသိမှုကြားက
"စည်းကမ်းတကျ" ဆိုတာကို
စနစ်တကျဖြစ်ဖို့
အားထုပ်ကြိုးစားနေရတာနဲ့
မသိလိုက်ဘာသာတွေလဲ
အတော်များခဲ့ပေါ့ အမေ။

ခြုံနဲ့ယုန်ပဋိပက္ခမှာ
ဘယ်သူ ကတရားခံ
ဘယ်သူက တရားလို
ခြုံကို အပြစ်ဆိုရမလား
ယုန်ကို အပြစ်ဖိုရမလား
ဝင်သူနဲ့ခုတ်ထွင်ရှင်းသူကြား
ဗျာများနေတဲ့ စိတ်တို့နဲ့
သားလေ
ဒီခြုံတွေကိုပဲ
သဲသဲမဲမဲခုတ်နေမိတယ် အမေ။

ချစ်လွမ်းဝေ(ရွှေမျှောင်)
၂၁-၅-၂၀၁၃ (နေ့ခင်း=၂း၄၅)
မြ ကဖေး (သာကေတ)


မီးပွိုင့်

စိမ်းလိုက် နီလိုက်
အဝါ တစ်ဖြိုက်နဲ့
ကတိုက်ကရိုက် လင်း/မှိန်
အာလုံး .. ကိုယ်ရှိန်သတ်
လမ်းကို
သတိနဲ့ဖြတ်စေသူ ။


ချစ်လွမ်းဝေ(ရွှေမျှောင်)
၂၃-၅-၂၀၁၃ (ညနေ=၄း၅၃)


မျှော်လင့်ချက်

ညှိုးသွားတဲ့ နေကို
ပြန်လွမ်းပေမယ့်
ထွက်လာမည့် နေကြောင့်
ကျွန်တော်
မငိုတော့ဘူး အမေ...။

ချစ်လွမ်းဝေ(ရွှေမျှောင်)


လူငယ်

အတ္တတွေ တစ်ထမ်းတပိုးနဲ့
လွတ်လပ်ခွင့်ရှိသလောက်
ပျံတက်ခဲ့ကြ
မြွေလို ပါးပြင်းတပြပြနဲ့ပေါ့

ဘဝအတိုအပျကတွေနဲ့
မောဟကို ခုခံကာကွယ်ကြ
စာရိတ္တတွေ လောင်မြိုက်ကြရင်း
လမ်းတွေသာ တဖြေးဖြေး
ရွရွ ကျွတ်ဆက်လာ

ရမ္မတ်ကို အသက်လိုကိုးကွယ်
ဒါကို "ချစ်တက်ခြင်း" လို့
ဆိုပြန်တယ်။

အိမ်ပြန်လမ်းကိုမသိတဲ့ ညများ
ပိုးမွှားအန္တရာယ်နဲ့
အရွယ်ငယ်ငယ်
အတွေးအခေါ် နုနု
စံပြုစရာ ရှားပါးတဲ့ခေတ်ထဲ
ကမ်းကုန်အောင်မိုက်ခဲ့ကြ
အမိ,အဖတို့ရဲ့စကားမှာ
လူ့အခွင့်အရေးကိုပြ
တလွဲ အသုံးချခဲ့ကြတယ် ။

ချစ်လွမ်းဝေ(ရွှေမျှောင်)



ငှက်ဖျား


ဒီလမ်းမတွေအပေါ်
ဒီလိုနဲ့
ခြေက ချော်ချော်ကျ
ဂီတအကြောင်းဆို
ဝလုံးတောင်
ကောင်းကောင်းမရေးတက်တဲ့
ကျွန်တော်
အစေးအညှော် မတည့် တတည့်
ရစ်သံတွေနဲ့
ဒီဂီတကို ခုံမင်
ဟောသည်လို .. ဟောသည်လို
"ကဗျာ .. ကဗျာ" လို့
မကြာမကြာ အော်ရင်း ညှိ
ခုထိတော့ ဒီကီးက
စည်းမမိသေးဘူး အမေ ။

ချစ်လွမ်းဝေ(ရွှေမျှောင်)


Tuesday, May 7, 2013

ကမ်းလွန်စိတ်ကူးများ


မြစ်ပြင်က

လှိုင်းကို ခပ်ကျော့ကျော့လေး မေးတင်လို့

တေးယဉ်ယဉ်တစ်ပုဒ်ကို သီဆိုရင်း

ဖြေးဖြေးခြင်းစီးဆင်း...၊

အိပ်မက်တမ်းချင်းထဲက နတ်သမီး

လွမ်းချင်းထဲက မျက်ရည်

စီးဆင်းနေတဲ့ မြစ်

တူးရူးကို ရွတ်လွှင့်နေသော ငါ

မညီမညာနဲ့ ဟောဒီကဗျာမှာ

ဝေဒနာက အက်ဆေးဖွဲ့ဖို့

ပြောလောက်အောင်မကောင်းခဲ့ဘူး။

ဦးခေါင်းကိုတွင်တွင်ခါရင်း ငြင်းကြည့်တယ်

တွန်းတိုက်နေတဲ့ လှိုင်းတွေလိုလည်း

ငါက မလှုပ်ခတ်ခဲ့၊

အိပ်မက်နဲ့တစ်သားတည်း မဖြစ်ခဲ့တာကလွဲရင်

ရှေ့ဆက်ဖို့အင်အားများစွာက

တေ့တေ့ဆိုင်ဆိုင်ကြီး မလွဲခဲ့သေးပါဘူး။

မမြဲတဲ့ ကင်းကြွေးကင်းစားခြင်းတွေထဲ

နင်းပြားတွေလည်း ရဲရင့်လာပါပြီ

ငါက ငါ့ကိုယ် ငါ

ဂရုစိုက်မှု နည်းနေသေးတာတစ်ခုပေါ့၊

ရူးမိုက်စွာခုန်ချလာခဲ့မိတဲ

ဟောဒီ ဘဝ

ဘာမှမရချင်နေပါစေ

ကဗျာရေ ... မင်းရှိရင်

ငါ့အတွက် အရာရာပြည့်စုံပြီ......။

 

ချစ်လွမ်းဝေ(ရွှေမျှောင်)


ဖတ်စွတ်မိုး

ကသောကမျောလေး

အပြေးအလွှား ကျလာတယ်

သူ့အသွင်အပြင်က

ရေစီးကြောင်း မထင့်တထင်၊

 

ဒီနွေလွင်မှာ အပူတစ်စ

မပြောပလောက်ပေမယ့်

ကင်းစင်လွင့်ပျောက်ခဲ့ရတာတော့ 

အမှန်...။

 

အကိုင်းအခက် ကျိုးတိုကျဲတဲနဲ့

ဟိုး ... အဝေးက တောတန်းထဲမှာ

သူ့ကြောင့်

ရွတ်ဖျားဖုန်တို့ စင်ခဲ့ရ ၊

 

တကယ်ကို ခဏလေးပါပဲ 

ရုတ်တရက် သူအသဲမှာ

ရင်ထဲ 'စိမ့်ခနဲ' ဖြစ်သွားတယ်။


ဒါ

ကနဦး တပ်လှန့်သံလား -?

အတွေးတို့စေစားရင်း

ဟို ... အာကာတလင်းဆီ

မော့အကြည့်

အို ... သူ့မျက်နှာ

ညှိုးရောင်သန်းနေပါပေါ့လား...။

 

ချစ်လွမ်းဝေ(ရွှေမျှောင်)

၁၀-၄-၂၀၁၃ (ည=၇း၃၁) 

 

နွေစားသောကိန်းဂဏန်းများ

သူက

သက္ကရာဇ်တစ်ခုကို

ခြွေချသွားပြန်ပြီ...။

 

အရိုးရင့်ပြီး

အသားမတက်သေးတဲ့ ဘဝ

ဒီနှစ်ပရိစ္ဆေဒတွေရဲ့ အ၀ါးအမျိုကိုပဲ

ခံခံနေရတယ် ... ။


ထားသလိုနေခဲ့တာတော့ မဟုတ်ဘူး

သွားနေရက်နဲ့မရောက်သေးတဲ့ ခရီးပါ

ခုထိ မိမိရရဆွဲစရာမရှိသေးဘူး။

 

သမုဒယနောက်မြီးက သားရေကြိုးနှယ်

နောက်ကိုချည်း ဆွဲဆွဲငင်

ပျော်ရွှင်တစ်လှည့် ၀မ်းနည်းတစ်လှည့်

ဇွဲနပဲနဲ့ကို အင်တိုက်အားတိုက်

အကွက်ကျကျ နှိပ်စက်လို့ ... ၊


ငါ့ရင်ကိုက ခံစားတက်ခဲ့လွန်းတာလား

ရုတ်ရုတ်သဲသဲမဖြစ်တာ တစ်ခုကလွဲရင်

နေ့တိုင်း ဝေဒနာလွင်ပြင်တွေချည်းပဲလေ။

 

ဘ၀နဲ့လွန်းဆွဲတိုင်း

ညွှတ်ကိုင်းပြီးကျကျလာတဲ့

အဲဒီဝေဒနာတွေ

တစ်နွေပြီး တစ်နွေ

ဖြတ်ဖြတ်နေလိုက်တာ

 

ငါ့သက်တမ်းရဲ့ကိန်းဂဏန်းတွေ

(... ခုဆို ...)

အတော်လေး အိုဇာနေခဲ့ပေါ့ ... ။

 

ချစ်လွမ်းဝေ(ရွှေမျှောင်)

၁၁-၄-၂၀၁၃ (ည=၁၀း၂၀)




လွမ်းစေတီထံတော်ပါး

ဖန်နေခြည် အဝေ့အပတ်

ပြေးတက်လို့ရောက်ခဲ့သည်၊

ဆည်းလည်းသံရယ်မှ စီစီမည်

မြစ်နဒီသောင်းဦး

ကွန့်မြူးတဲ့ မွေသရီ ။

သမိုင်းကွဲ့ ရာဇ၀င်ချီ

မွှေးလွန်းမည် သူ့ရည်စူး

ဖူးဖွယ့် ထူးတည်၊

မြစ်မင်းငဲ့ စံနဒီမှာလေ

သူ့ငယ်ဆွေလာရာ လမ်း

မျှော်မှန်းဖို့ ရည် ။

လွမ်းဖွယ်တဲ့ဖန်လေသည်

ရှေ့ကံမညီ ဘုန်းညှိုးလို့

ပြစ်မျိုးမှဲ့ ထင်လေပြီ၊

ရာဇဌာနီ ဧကရီထိပ်ထားပေမယ့်

မတက်အားပေါ့ ကံကြွေးမည်

ပေး .. ပေးရရှာပြီ

ဖုန်းစားမြေမဟီ လူဖြစ်ရှုံးသည်မို့လေး ။

ကံငယ်ရယ်မှ ခေလေသည်

ဖြေ .. ဖြေမဆည် ရတက်ပွား

မြစ်နဒီ ဟို ကမ်းတစ်ဖက်ခြားဆီက

စောင့်စားငဲ့ ထားသက်ဝေ

မင်းနန်ရှင်ရယ်လေ

ခန္ဓာဗွေ မြေ .. မြေခပြီတဲ့

ကြား .. ကြားရတဲ့ သတင်းကဝေ၊

(မွှေးလွန်းငယ်လေ)

ဆွေး .. ဆွေးရရှာပေ

မြေခကြွေနေ နှလုံးရယ်နဲ့ကွယ်လေး ...။

စာဆိုရင်မလေ လွမ်းဖွယ်မို့ကွယ်ဆွေး ...။

စံပြုတင်သလေ သမိုင်းဝင်မို့ကွယ်လေး ...။

 

ချစ်လွမ်းဝေ(ရွှေမျှောင်)