နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, April 16, 2013

ဘကုန်း အပေါင်း ၀လုံး

ဘ၀က
အစကတည်းက
စာလုံးပေါင်း မှားလာခဲ့တာမှ
မဟုတ်ပဲ..၊
စိတ်ပျက်လို့လဲ အပိုပဲလေ။

သူ့ဘာသာ သူ
လွဲချင် လွဲမယ်
ကွဲချင် ကွဲမယ်
သက်ပုံမှန်ဖို့ပဲ လိုတယ်
ဘကုန်းနဲ့ဝလုံးဟာ ဘကုန်းနဲ့ဝလုံးပါပဲ..၊

တဗိုင်းဗိုင်းလဲချင်လဲမယ်
ဒါပေမယ့် ... ပြန်ထ
ကန်မချဘူး၊လှန်မချဘူး
ဟန် ကျ ပန် ကျ ဖြစ်ဖို့
(ကိုယ့်ဘာသာကိုယ်)
စာလုံးပေါင်းမှန်ဖို့တော့ လိုတယ်...။

                     ချစ်လွမ်းဝေ(ရွှေမျှောင်)
                     2-4-2013(Am=1:51)

အလွမ်းခိုးတဲ့ ည

 မိငယ်ရေ....
အိပ်မယ် အိပ်မယ်နဲ့
ဒီညတွေကြား
ငါ့မှာ
အိပ်ရေးပျက်ခဲ့ရပေါင်းများပြီ။

အစစ အရာရာ
နာရီရဲ့စက္ကန့်လက်တံတွေလို
ခံစားချက်က
ရင်ကိုလာလာပြီး လှည့်ပတ်
တရစပ်ပဲလေ
ငါ့ အိပ်ပျက်ညတွေမှာ
နင်က
စိုးမိုးလွန်းတယ်။

ငါ့အတွေးနဲ့ ငါ
ငါ့အသိနဲ့ ငါ့စိတ်
တိတ်တိတ်လေး ငေး
တစ်ကိုယ်ရည် ဆွေးကြည့်တာတောင်
နင်က ပါပါလာတယ်။

တကယ်ပါပဲ
ကြင်နာမယောင် အိပ်မက်က
နှိုးစက်ချပြီး လှန့်လှန့်နှိုးလို့
ကသောကမျော နိုးခဲ့ရတဲ့ ညတွေ
ငါ့ဘေးမှာ
အသင်္ချေ မကတော့ဘူး။

ပြန်လာပါဦး မိငယ်

မျှော်မိတယ် လေ
အယောင်ဆောင်ညတွေထဲ
ခန်းစည်းလေးများ ရှဲသွားရင်
လည်က
အလိုလိုပြန်လှည့်မိလျှက်။

"ကြည့်တက်လျှင် မြင်လိမ့်မယ်"တဲ့
အသိစိတ်က တားလို့လား
ထင်ယောင်ထင်မှားတွေကြားမှာပဲ
ဝေ့၀ါးဆဲပါ မိငယ်။

နင်ရှိမယ်အထင်နဲ့
အလိုလို ကြည့်ခဲ့မိတဲ့အရပ်တွေမှာ
ငါ့မျက်ဝန်းရာတွေသာ အထပ်ထပ်
နင် မမြင်ချင်လို့သာ မမြင်တက်ခဲ့တာပါ။

ဆုတောင်းတိုင်းသာ
"လိုရာပြည့်စေ"ညွှန်းတမ်းပါရင်
တစ်ဖက်သက်အလွမ်းတွေ ကုန်ခမ်းဖို့
ငါ အနူးအညွတ်တောင်းချင်တယ်
မိငယ်ရယ်....
အမြန်လာပါတော့...။

                ချစ်လွမ်းဝေ(ရွှေမျှောင်)
                2-4-2013(Am=2:58)


အဆွေးတို့သည်ဆောင်ရာ


ရင်တွေလည်း မောလျလှပါပြီ
ပြောပြချင်ခဲ့သော ဇာတ်လမ်းတစ်ပုဒ်
ခုတော့ ... ဒီလိုနဲ့ အဆုံးသက်ဖို့ပဲ..။
 မျှော်လင့်ခြင်းများစွာနဲ့
အမှောင်ကျခဲ့တဲ့ ရင်က
ဇာတ်လမ်းကို အသိမ်းလှချင်နေပြန်သေး
အလွမ်းက ဆေးမမှီတော့ဘူးလေ..။
ဘေးလူတစ်ချို့တောင် သိတယ်
မေ့လို့မလွယ်တဲ့ နှလုံးသား
တဖြေးဖြေးနဲ့လုံးပါး ပါးလိုက်လို့...၊
အတိတ်ကစိုက်ခဲ့တဲ့ မြက်ခင်းစိမ်းကို
လှမ်းမျှော်တမ်းချင်းနဲ့ ဆွေးကောင်းနေတုန်း။
ကစုန်စိုင်းအပြေးနှင်နေတဲ့
အတိတ်ပုံပြင်တွေထဲ
အလွမ်းတွေပြန့်ကျဲလို့
နီးစပ်ခွင့်မှ မရှိပဲလေ
အဝေးကသာ တမ်းတရုံပေါ့
သတိတရရှိတက်လွန်းတဲ့ ရင်အုံက
လမ်းကို မကြုံ,ကြုံအောင်သွားနေဆဲ..။
ဒီလိုနဲ့ပဲပေါ့ ... မိငယ်
ဟောဒီ နေ့ရက်တွေထဲ
အလွမ်းတွေပြည့်နေတဲ့ ရင်ဘတ်ကြီးနဲ့
ငါ ခရီးဆက်နေဆဲပါ...။

ချစ်လွမ်းဝေ(ရွှေမျှောင်)
3-4-2013(Am=1:20)



ယုံကြည်ရာနှင့်အခြားတစ်ဖက်

ကိုယ်အကျိုးထက်
သူ့အကျိုးကို ကြည့် ကြည့်နေမိတာနဲ့တင်
ငါမှာ
ငါ့ကိုယ်ငါ မမြင်တက်ခဲ့တော့။

နှင်ရက်တဲ့ ဘ၀က
ရေစက်ဆိုတာကို ချချကြွေးလေတော့
ရှောင်လွှဲမရတဲ့ အမှုကိစ္စတွေ
အရေးသုံးဖြာမှာ လာလာရောထွေး
တစ်ခါတစ်ခါ
ကိုယ့်အတွေးနဲ့ကိုယ် ရှုပ်ရှုပ်သွားတယ်။

နဂိုရည်အသွေးကိုက
ကိုယ့်အတွက်ပါမလာခဲ့လေသလား
ကိုယ့်အရေးထက် သူများအတွက်ချည်း
ဦးစားပေးနေရတယ်။

ခက်တယ်
ကိုယ့်ရပ်ချင်ရာရပ်မဖြစ်တဲ့
သံယောဇဉ်က
နောက်ကိုချည်း ပြန်ပြန်ဆွဲငင်
ယုံကြည်ရာကိုမင်လျှက် မြင့်မိုရ်ကိုဖတ်ရင်း
ဘ၀ကိုဖြေးဖြေးချင်း ဖြတ်နေရလို့...။

ဒါပေမယ့်.....
ငါလျှောက်နေတဲ့လမ်းမှာ
ငြှောင့်တံသင်းတော့ ပါမလာခဲ့ဘူး...။

ချစ်လွမ်းဝေ(ရွှေမျှောင်)
2-4-2013(pm=7:59)

လက်ဆေးမိုး

ဖျောက် ဖျောက် ညှင်း ညှင်း
ဖြေးဖြေးခြင်း ကျလာတယ်
မျက်နှာစာတောင် အနှံ့မစိုဘူး၊
ဒါပေမယ့် ... သူ အပြုံးမှာ
ပိတောက်များစွာ ပွင့်တယ်။။

ယဲ့ ယဲ့ ရေး ရေး
နှေးနှေးလေး ရောက်လာတယ်
သူ့အချိန်,သူ့အခါတော့ မဟုတ်ဘူး၊
ဒါပေမယ့် ... သူ့အနမ်းက
အေးချမ်းခြင်းခဏကို ပေးတယ်။

ချစ်လွမ်းဝေ(ရွှေမျှောင်)
4-4-2013(pm=10:29

စိတ်တစ္ဆေ

ဘယ်သူကမှ မခြောက်ပါဘူး
ဒါပေမယ့် ကိုယ့်ဘာသာကို
ကြောက်ကြောက်နေမိတယ်။

တည်ဆောက်မိတဲ့ ပရိယာယ်က
ကိုယ့်ကိုယ်ကို ကိုယ်ပြန်လှည့်
စိတ်နဲ့ကိုယ်နဲ့မကပ်တဲ့
အလှိမ့်အလှည့်တွေကြား
မကြာမကြာမြုတ်မြုတ်သွားခဲ့ရ၊

သိစိတ်နဲ့မသိစိတ်တို့အနား
ဖြတ်သွားဖြတ်လာ လမ်းမှားလိုက်ရင်း
မယောင်မလည် ရှောင်ကွင်း ကြည့်
ကြည့်ကြည့်သွားတဲ့အတ္တကောင်က
စားမြုံ့ပြန်အောင် မြုံ့ရင်း
ခေါင်းတထောင်ထောင်နဲ့ပြုံးလို့...။

ချစ်လွမ်းဝေ(ရွှေမျှောင်)

မုန်တိုင်းကြားက ငှက်ငယ်

ခွန်နဲ့အားက ၀န်နဲ့ဘ၀ကြား
မညီမျှမှုများစွာဆွဲလာတဲ့အခါ
လောကက တစ်ခါ တစ်ခါ
ခါး ခါး လာတယ်..။

"ကံတရား"လို့ ရိုးမယ်ဖွဲ့မလား
ခေါင်းပါးလာတဲ့မေတ္တာတရားမှာ
အတောင်ပေါက်လာတဲ့ ခေတ်အလယ်
မပျံတက်သေးတဲ့ငှက်ငယ်တစ်ကောင်
ဒီနွံထဲ ဘယ်လိုရုန်းမလဲ၊

ဝရုန်းသုန်းကားဖြစ်ရုံကလွဲလို့
မမျှော်လင့်ရဲတဲ့ အနာဂါတ်သာ
သူ့လက်ထဲမှာ ရှိနေခဲ့၊

ရပ်ကြည့်ရုံနဲ့မပြီးတဲ့အခြေနေမှာ
ရပ်ကြည့်နေတဲ့မေတ္တာတရားကိုက
မသိလိုက်ဘာသာနေလွန်းအားကြီးတယ်၊

အို...ဗြဟ္မာမင်းများရယ်
သင်တို့ရဲ့ လက်စွဲတော်ဓား
လူ့ပြည်သို့
တဆိတ်လောက် ငှားပါ...။

ချစ်လွမ်းဝေ(ရွှေမျှောင်)
5-4-2013(Am=2:23)

Monday, April 1, 2013

ဘာမှန်းမသိတဲ့ ကဗျာ


လရောင်ရွာချတဲ့ အလင်းအောက်
စကားလုံးပန်းလေးတွေ
ကြိုးသီကောက်ဖို့
ငါ ... စောင့်နေမိတယ်။

ပျောက်နေတဲ့ ချစ်သူကို
ပြန်ရှာတွေ့သလိုမျိုး
ဝေဒနာအမျိုးမျိုးက
ရင်ထဲမှာ ယှက်တိုက်
နှလုံးသားပင့်သက်ကို
လာလာပြီး ရှိုက်သွားခဲ့..။

တရှိုက်မတ်မတ်
နှစ်သက်ခဲ့တဲ့ ပန်းတစ်ပွင့်
ရနံ့သင့် ၀တ်မှုံအလွင့်မှာ
ငါ့ နှလုံးသားလေး
ဆက်ဆက်ခါလှုပ်ရမ်း
ဘယ်လိုဖြစ်တယ်မှန်း ငါမသိ၊
ရှုရှိုက်မိသမျှ လေပြေ
ကြည့်လိုက်မိသမျှ မြင်ကွင်း
"သူမှသူ"အတင်းချည်း စွဲခဲ့မိ။

ဒီတော့.....
ငါ ရေးကြည့်မိတယ်
နှလုံးသားရဲ့ ခံစားသိ
အရှိကို အရှိအတိုင်း..။
ထိုင်နေကြလ္ဘက်ရည်ဆိုင်က
ရွှေမိက ပြောတယ်
"ရင်ထဲမှာရှိတာကို ချရေးတာ
အဲဒါ ... ကဗျာ" တဲ့..။

ငါမသိတော့ဘူး ရွှေမိ
ငါသိသလို ရေးကြည့်တာပါ
အဲဒါ ... ကဗျာဆိုရင်
ငါ့မှာ အလီဗိုင်ပြစရာ မရှိဘူး...။

                         ချစ်လွမ်းဝေ(ရွှေမျှောင်)


နွေရေးပုံတူများ

လှုပ်လဲ့လဲ့ လေပြေအဝေ့မှာ
ယိမ်းနွဲ့ ခါတက်တက်လာတဲ့
တမာရနံ့က ၊ နွေမနက်ကို
လတ်လတ်ဆက်ဆက် ကြိုလို့...၊

ပွင့်လုလု ပိတောက်တို့
တ၀ံ့ဝံ့ ဖူးတံချီ
နေရီရီဆန်းစမှာ
နွေက
ယဉ်ယဉ်လေးနဲ့ လှတယ်..။

အားရသွားလို့လား
အား ကျသွားလို့လား
နွေကိုတံခါးခေါက်သူက
(ခုတလော)
ပျောက်ချင်းမလှပျောက်
နွေဦးပေါက်က
ဆွေးဆွေးသဲ့သဲ့ သူ့အသံ
မကြားရပြန်တော့..။

ဝါဖျော့ဖျော့ ပွင့်ဦးနဲ့
ငုဝါက
တူးပိုသံအလွင့်မှာ လူးလို့
မြူး နေရော့ ထင်..၊

ဖြတ်သွားဖြတ်လာ
ကံကြမ္မာထမ်း လှည်းယာဉ်တို့အထက်
သင်္ကြန်းဒိုးတို့ လွှမ်းပါတ်လို့
ဒီရက်တွေမှာ
နွေက
မြန်မာဆန်ဆန်လေးနဲ့ လှတယ်..။

ချစ်လွမ်းဝေ(ရွှေမျှောင်)


ငုဝါ

အပွင့်ရယ် ၀ါ
ပင်စည်လွှာ ဆတ်တတ်တတ်
ရွက်,ခတ်ကိုခြွေ
ပင်လုံးဝေလို့ တင့်ဆန်း
နွေအိမ်ယာ တမာလမ်းမှာ
(...ကွယ်...)
ခေါင်းထောင်တဲ့ ပန်း...။

               
             ချစ်လွမ်းဝေ(ရွှေမျှောင်)


ကမ္ဘာ

အတိုးထက်
အဆုတ်တွေများနေတော့
စုတ် စုတ် ပေးနေရတာနဲ့တွင်
ကျုပ်မှာလဲ
ဟိုနားက ကွက်,ဒီနားက ကွက်...။

အပျိုးထက်
အချိုးတွေများနေတော့
ကျိုးကျိုး ကျေကျေနဲ့
ကျုပ်ခန္ဓာ အနှံ့
ချုပ်ရိုးတွေ အထပ်ထပ်...။

တဆိတ်လောက်ဗျာ
ပါရာစီတမောလ်လေး ရှိရင်
တစ်တောင့်လောက် တိုက်ပါ
ကျုပ် ဖျား နာ နေ လို့ ... ။

                 ချစ်လွမ်းဝေ(ရွှေမျှောင်)


လမ်းအကွဲ

အဲဒီနေ့က
နေမပူပါဘူး
မိုးတွေ ... ရွာ လို့။

ကျောခိုင်းရင်း လှည့်ထွက်
သစ်ရွက်အချို့
မြေထက်သို့ သက်လို့ကြွေ
မိုးရေတွေအကြား
အပြေးအလွှား
သူ .. ထွက်သွားတယ်။

မိုးကိုကာဖို့
ထီးအကူလေးတစ်ချောင်း
သူ့ခေါင်းမှာဆောင်းရင်းပေါ့...။

နှုတ်ဆက်ခြင်းမပြုနိုင်မှီ
အသိတစ်ချို့ လွတ်ကျသွားခဲ့ရ
ငါတို့.....
ဝေး  ကြ   ပြီ ... လို့ ။


     ချစ်လွမ်းဝေ(ရွှေမျှောင်)


ဆုတောင်း

ကတိုက်ကရိုက်ကျလာတဲ့ မိုးရေတွေ
ဘယ်ကောင်းကင်က ခြွေလိုက်သလဲ
(ငါ့တို့မြေမှာ.....)
အုပ် အုပ် ကို ကြဲလို့...။

စဲပါတော့ အဲဒီမိုး
သွေးဆိုးတို့ ကင်းလွတ်စေ
တောင်းဆုခြွေ အကျွန်ုပ်
နှလုံးသားမှ ဆွဲထုပ်
ဂျိုးရုပ်ကို စေ
ငြိမ်းချမ်းပါစေ မြန်မာပြေ(ပြည်)....။

ချစ်လွမ်းဝေ(ရွှေမျှောင်)