ဝဲကုတ်ရင်း မြို့ပြသီချင်းဆိုနေတဲ့ မြို့တော်
တရိပ်ရိပ်တက်နေတဲ့
ကာလပေါ်မိုးရေစက်တို့ကြားမှာ
သူက မရှု့သာမကယ်သာ နစ်မြုပ်။
လှိုင်းလုံးတို့တအိအိပြိုနေတဲ့ ပင်လယ်တစ်စင်းလိုလို
မြူဆိုင်းနေတဲ့ကောင်းကင်တလင်းလိုလို
သူ့မှာ အသက်ရှူဖို့အချိန်က မရသလောက်။
ထိုးဖောက်လာလိုက်သည့်ခြစားအခင်းအကျင်း
သူ့ကို နင်းနင်းထားလို့များလား
သူ့မှာ ကာကွယ်မှုထက်
ခုခံခြင်းသာမကြာမကြာ ပြုလုပ်နေရ၊
ဒီလှိုင်းတွေကလည်း တရိပ်ရိပ်
မြူခိုးတွေကလည်း အလိပ်လိပ်
အထိတ်ထိတ်အပျာပျာနဲ့ ပျာယာခတ်နေရ၊
ခေတ်ကာလသားသမီးတွေကို
တစ်မီးနစ်တစ်ယောက်မွေးပေးနေရလို့
သူ့မှာ ဘိုးမွေဘွားမွေတောင် ပျောက်လုမတက်
ရှေ့ဆက်ဖို့ အားကိုမနည်းမွေးနေရတယ်။
တိုးတက်နေတဲ့ခေတ်များ
ကြည့်စမ်းပါဦး
မီးခိုးလုံးတွေ အလိပ်လိပ်
မီနီစကပ်တွေ ကြပ်ကြပ်သိပ်
ကိုယ့်လမ်းကိုတောင် တထိတ်ထိတ်လျှောက်နေရ၊
ကိုယ်ဝတ်မလုံမလဲနဲ့ ခေတ်မှာ
သူ့ခမျာ စာရိတ္တကိုလုံအောင်ဖုံးနေရတာနဲ့တင်
ကျောမလုံရင်မလုံ ဖြစ်ခဲ့ရ၊
အသက်ရှူသံပြင်းလာသည်နှင့်အမျှ
သူ့ ညတွေက ယိမ်းထိုးကလို့
တိုး တိုး သွားလိုက်ကြတာ
နီယွန်ပြာပြာနဲ့လမ်းမတွေသာ
တဖြည်းဖြည်း များများလာတယ်
သူ့မှာ ...
ခုထိ ကူကယ်ရာကမတွေ့သေးဘူး။
ရေဆေးငါးနှယ်လှနေတာလေး တစ်ခုက
မြစ်ညာကသူ့ပုံရိပ် တစ်ချို့
လေညှင်းတို့ကို သယ်ယူဆောင်ကျဉ်းပေးနေတာပေါ့။
ဆည်းဆာနှစ်ခုရဲ့ ရောင်ခြည်က
သူ့ပုခုံးမှာ မေးတင်တိုင်း လှလို့
ရွှေအိုရောင်မြစ်မင်းနို့တို့ကိုငေးမောဆဲ၊
ဒဂုံက ရန်ကုန်တဖြစ်လဲ
သူ့မှာ ဘဝင်မြင့်ဝဲမပေါက်ဘူး
သူ့လမ်းသူ သူဖြောင့်ဖြောင့်လျှောက်နိုင်ခဲ့တယ်။
ဒါပေမယ့်.....
ခေတ်ကာလဝဲအစွဲမှာ
ဒဂုံတဖြစ်လဲ ရန်ကုန်က
ကုတ်လေယားလေနဲ့ကုတ်နေဆဲပါလေ
အတောမသက်နိုင်သေးတဲ့ ဝဲအစိုတွေများစွာနှင့်...။
ချစ်လွမ်းဝေ(ရွှေမျှောင်)
No comments:
Post a Comment