နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, March 18, 2013

နေမင်းကွယ်တဲ့ ည

ရုတ်ချည်းမှောင်ကျသွားတယ်
ငါတို့ရဲ့ကောင်းကင်မှာ
တိမ်တောင်တွေလည်း
အလဲလဲအပြိုပြို
ညိုညိုမဲမဲ,မှိုင်းမှိုင်းညှို့ညှို့
မဖိတ်ခေါ်ပဲရောက်လာတဲ့ မျက်ရည်တို့က
ပါးအထက် ခွေလို့ပြန့်ကျဲ
ငါတို့ကို နေမင်းလမ်းခွဲသွားပြီ...။

တိုက်ဆိုင်တာပဲလား
ကြုံကြိုက်လွန်းသည်လား
13-3-2013 တဲ့
Day Date တစ်ခုရဲ့ ညွှန်းတမ်း
အနောက်ဖက်ကမ်းက
ကျိမ်စာဂဏန်းလေ...။

အဲသည့်နေ့မှာပေါ့
ညက မဲမှောင်လို့
ညဥ့်လည်းနက်သထက်နက်
အိပ်စက်နေတဲ့နေမင်းက
ပကတိငြိမ်းချမ်းခြင်းအပြည့်နဲ့
လဲလျှောင်းနေရဲ့...။

ဖျတ်ဖျတ်တောက်ကြယ်တစ်ချို့နှင့်
မှိန်ဖျော့ဖျော့အားယူဆဲကြယ်တစ်သင်း
လွမ်းချင်းတေးကို သံပြိုင်သီလို့
သူရင်နှင့်မိုးတဲ့အရိပ်အောက်မှာ
သူပေးတဲ့အလင်းရောင်ကို ထမ်းပိုးရင်းပေါ့
လမင်းတို့လည်း ရင်ထဲမှာငိုချေပြီ...။

"ကံမုန်းမှာစိုးသည်"တဲ့
မှတ်ကျောက်တင်စရာမလိုပဲ
ပြည့်စုံတဲ့ သူ့အခင်းကျင်း
သူရဲကောင်းများစွာမွေးဖွားရင်း
ခပ်ရဲရဲမိုက်ခြင်းနဲ့ ကဗျည်းထွင်ခဲ့တယ်...။

နောက်ပေါ့.....
အသီးပွင့်တဝေေ၀နဲ့
ဥယျာဉ်မြေတစ်ခု
သူ ပြုစုခဲ့တယ်...။

သူ့ရဲ့လက်သွယ်တွေမှာ
စွမ်းအင်တွေစုစည်းလို့
နှလုံးသားကိုတစ်ကြောင်းခရီး နှင်ရင်း
စံပြခေါင်းဆောင်ခြင်းအတတ်ကို
သူ သင်ပေးခဲ့တယ်...။

မြင့်မြတ်တဲ့မြေပြင်မှာ
အညွှန့်တလူလူနဲ့ပျိုးပင်များ
ပွင့်ဆဲလန်းဆဲ ပန်းမန်များ
သူ့ခွန်အားနဲ့ ပျိုးခဲ့တယ်...။

သူဟာ တကယ်တော့
ဖန်ဆင်းရှင်မဟုတ်ခဲ့ပါဘူး
သို့သော်.....တစ်ပိုင်တစ်နိုင်
အလင်းဖြန့်ဝေရင်းက
ငြိမ်းချမ်းခြင်းတွေ
သူ ဖန်တီးခဲ့တယ်..။

ခုတော့...သူက
ငါတို့တွေကိုလမ်းပြ
"တစ်နေ့ကြရင်"ဆိုသည့်
သံဝေလွင်လွင်အာဟာရကို ချကျွေးရင်း
နောက်ဆုံးထွန်းလင်းခြင်းနဲ့ ၀န်ကိုချ
နှုတ်ဆက်ခွင့်တောင် မရလိုက်ရဘူးလေ...။

ရုတ်ချည်းမှောင်ကျသွားတယ်
ငါတို့ရဲ့ကောင်းကင်မှာ
တိမ်တောင်တွေလည်း
အလဲလဲအပြိုပြို
ညိုညိုမဲမဲ,မှိုင်းမှိုင်းညှို့ညှို့
မဖိတ်ခေါ်ပဲရောက်လာတဲ့ မျက်ရည်တို့က
ပါးအထက် ခွေလို့ပြန့်ကျဲ
ငါတို့ကို နေမင်းလမ်းခွဲသွားပြီ...။
---------------------------------
ချစ်လွမ်းဝေ(ရွှေမျှောင်)
14-3-2013
pm=3:50 ။

No comments:

Post a Comment