နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, February 10, 2013

ဗယ်လင်တိုင်းအကြို ရင်၌ခိုခဲ့လေသော အတွေးတစ်စ


     ချစ်ခြင်းသည် မျှော်လင့်ခြင်းများစွာကို မွေးဖွားရှင်သန်စေခဲ့သည်ဟု ဆိုလျှင်ထိုအချစ်၏ဥပဒေသသုံးရပ်၌ အဘယ်အချက်သည် အဓိကအခန်းကဏ္ဍကပါဝင်သည့် ဖွဲ့စည်းကလာပ်ဖြစ်လေမည်နည်း။ ရယူပိုင်ဆိုင်လိုခြင်းသည် အချစ်၏ပဓာနသော့ချက်လေလော။ 
စွန့်လွှတ်အနစ်နာခံခြင်းသည် အချစ်၏ပဓာနသော့ချက်လေလော။
ပေးဆပ်ခြင်းသည်ကား အချစ်၏ပဓာနသော့ချက်လေလော။
ချေချေမျစ်မျစ် ကျနော်မသိ။ နှောင်တွယ်မိသည့် သံယောဇဉ်တစ်စက 
မျက်နှာလွှဲခဲပစ်လို့မရအောင် ရင်ကိုချည်နှောင်စေခဲ့သည် ဟုတော့ ပုဂ္ဂလိကခံစားချက်နှင့်
ကြမ်းခင်းသက်မှတ်ထားခဲ့မိလေ၏။သို့သော် လုံလောက်ပြည့်စုံလိမ့်မည်ဟု မထင်ပါလေ...။
                        =============================================
               ချစ်ခြင်းသည် သိမ်မွေ့၏ ။ နူးညံ့၏ ။ အသိခက်၏ ။ ဆင်တူယိုးမှား နှစ်သက်ခြင်းများနှင့်ရင်ကိုလှည့်စားတက်၏။
ဘ၀တွေကို ထိုးတက်စေနိုင်၏ ။ တဖန် ဘ၀တွေကို စုတ်ပျက်စေနိုင်၏ ။ ယုံကြည်ရာဇွဲတစ်ခုအတွက် ဓားတစ်လတ် လှံတစ်ချောင်း
ဖြစ်သလို အသွားထက်ထက် မျှော်လင့်ချက်တစ်စုံတစ်ရာကို ပဲ့ထွက်စေနိုင်သော ၀ါးမျတ်တစ်ချောင်းလည်းဖြစ်၏။
ချစ်ခြင်းကြောင့် ခေတ်အဆက်ဆက် ဂန္ထ၀င်တွင်သူများလည်း ရှိ၏ ။ ဗီလိန်တွင်သူများလည်း ရှိ၏ ။ အချစ်ကြောင့် ငြိမ်းချမ်းကြောင်း
ဖြစ်စေခဲ့သလို အချစ်ကြောင့် စစ်ပွဲပေါင်းများစွာလည်း ဖြစ်ခဲ့ဘူးကြ၏ ။ အချစ်ကြောင့် နန်းရာကိုစွန့်ခဲ့သည့် ဘုရင်များ ၊
အသက်ခန္ဓာကိုစွန့်ခဲ့သည့် လူများ ၊ ရာထူးဌာနန္တရာ ရခဲ့ကြသူများ ၊ စိတ်တွေ လေလွင့်ခဲ့ကြသူများ ၊ သညာကင်းပျောက် ရူးမလောက်ဖြစ်ခဲ့ကြသူများ ၊ စိတ်ဖောက် ရူးသွပ်သွားခဲ့ကြသူများ မနည်းပင် များပြားခဲ့ကြလေပြီ...။
                ထို့ကြောင့် အချစ်သည် သိမ်မွေ့၏ ။ နူးညံ့၏ ။ အသိခက်လေ၏.......။
                     ================================================
                မှန်ပါသည် အချစ်သည် မျှော်လင့်ချက်ပေါင်းများစွာကို မွေးဖွားရှင်သန်စေခဲ့ပါ၏ ။ သို့သော် ထိုအချစ်ကြောင့်
မျှော်လင့်ချက်ပေါင်းများစွာတို့လည်း ပျက်ပြားခဲ့ကြရဘူးပါ၏ ။အသို့ဆိုသော် အချစ်၏ပုံပန်းသဏ္ဍာန်သည် မည်သို့ဖြစ်လေမည်နည်း။
အချစ်သည် ကလေးသူငယ် လူမမည်အရွယ်နှင့်လည်း တူကောင်းတူပေလိမ့်မည် ။ လူပျို,အပျိုဖော်ဝင်စ ဆယ်ကျော်သက်
ဘ၀တို့နှင်လည်း တူကောင်းတူနေပေလိမ့်မည် ။ ရင့်ကျက်တည်ငြိမ်စ လူလတ်ပိုင်းတို့၏ ရည်တည်ရာဘ၀ သရုပ်သကန်နှင့်လည်း
တူကောင်းတူနေပေလိမ့်မည် ။ တစ်ခါ ရင့်ကျက်တညငြိမ်ပြီး၍ အတွေ့အကြုံ,အတွေးအကြံမြင့်မားကြလေသော ဆံဖြူ,သွားကြွေ,
ပါးရေတွန့်ရွဲ အရွယ်အိုတို့၏ သံဝေမြဲသည့် ကျင်လည်ရာဘ၀နှင့်လည်း တူကောင်းတူနေပေလိမ့်မည် ။ သို့ဂလို ကြည့်မြင်မိပြန်တော့
အထက်ပါ အချစ်၏ဥပဒေသသုံးရပ်တို့သည် ကာလ,ဒေသ,ပုဂ္ဂလ လိုက်၍ အရောင်ပြောင်းလွဲတက်သော ပုတ်သင်ညိုတစ်ကောင်ပမာ ဖြစ်ချေလိမ့်မည်ဟု ဆင်ခြင်မိလေသောအခါ............
                        မြတ်ဗုဒ္ဓ၏သစ္စာအမှန်တရားသို့သာမျက်မှောက်ပြုလိုရင်းစွဲစိတ်တို့ အတွေး၌ တဖွဲဖွဲဖြစ်ပေါ်လို့
                        နေခဲ့ပါလေတော့၏....။
                       ================================================
                မြတ်ဗုဒ္ဓက  မသိမှု အ၀ိဇ္ဇာကြောင့် မတည်မြဲခြင်း သင်္ခါရဖြစ်လာခဲ့၏ ။ ထိုသင်္ခါရကြောင့် ဖြစ်လွယ်,ပျက်လွယ်တက်တဲ့သဘောရှိသော ၀ိညဉ်နှင့်နာမ်ရုပ်တို့ဖြစ်ပေါ်လာခဲ့ကြပြန်၏။
ဝိညာဉ်နှင့်နာမ်ရုပ်တို့ဖြစ်ပေါ်လာပြီဆိုလျှင် ၀ိညာဉ်ကနာမ်ရုပ်အပေါ်၊နာမ်ရုပ်က၀ိညာဉ်အပေါ် စွဲလမ်းခြင်း
သဠာယတန အာရုံတရားများ အဆက်မပျက်ဖြစ်ပေါ်လာတက်သည် ဟု ဆိုပါသည် ။
ထိုသဠာယတနကြောင့် အာရုံကို ထိတွေ့ကိုင်တွယ်သုံးသပ်လိုမှု ဖဿတရာများဖြစ်ပေါ်လာတက်ပြန်၏ တဲ့ ။
တစ်ခါ ထိုဖဿကြောင့် ခံးစားလိုမှု ဝေဒနာတရားများ ဖြစ်ခဲ့ကြပြန်၏ ။ ထိုဝေဒနာကြောင့် တက်မက်နှစ်သက်ခြင်း တဏှာပေမတို့
တဖန် ရောက်လာခဲ့ကြပြန်၏ ။ ထိုတဏှာတရားကြောင့် စွဲစွဲလန်းလန်းဖြစ်မှု ဥပါဒါန်တို့ ရောက်လာခဲ့သည်ဟု ဆိုပြန်၏ ။
ထိုဥပါဒါန်ကြောင့် မဆုံးသောဘ၀တို့ ပေါ်ပေါက်လာခဲ့တာဟုလည်း ဟော၏ ။ ထိုဘ၀များရှိနေသရွေ့ ဇာတိ,ဇရာ,မရဏ လို့ခေါ်တဲ့
ဖြစ်တည်ခြင်း,ဟောင်းနွမ်းခြင်း,သေဆုံးပျက်စီးခြင်းတို့နှင့်လုံးချာလည်ရင်း သောက,ပရိဒေ၀,ဒုက္ခ,ဒေါမနဿ,ဥပါယသ လို့ဆိုတဲ့
ဝမ်းနည်းပူဆွေးခြင်း,ငိုကြွေးမြည်တမ်းခြင်း,ဆင်းရဲခံခက်ခြင်း,နှလုံးစိတ်ဝမ်း မအေးချမ်းခြင်း,နောင်တ တဖန်ပူပန်ရခြင်း တို့
ဖန်တရာတေအောင်ဖြစ်နေရဦးမည့် သံသရာ၌ ၀ဋ်ဒုက္ခကြီးစွာကျင်လည်နေကြရဦးမည့် ဘ၀ထိုထိုတို့ဖြစ်ပေါ်နေကြရ,
ကျင်လည်နေကြရသည် ဟု ဟောခဲ့ပါ၏...။
                           ===============================================
               တဖန် မြတ်ဗုဒ္ဓက အထက်ပါတရားများကိုမြင်၍ ဆင်ခြင်သုံးသက်တက်မှသာလျှင် ချစ်ခြင်းဟူသော ဆင်းရဲစေတက်သည့် တဏှာပေမ ဒုက္ခတရားကို မြင်နိုင်ပေလိမ့်မည် ။ထိုသို့မြင်ခြင်းသည်ဆင်းရဲကိုဆင်းရဲဟု အမှန်မြင်ခြင်း
ဒုက္ခသစ္စာ ဖြစ်ပါသည်တဲ့။ ထိုဒုက္ခသည်လည်း လိုချင်မှန်သမျှကိုတက်မက် မက်မောတက်သော လောဘကြောင့်
ဖြစ်တည်ပေါ်ပေါက်လာခဲ့တာမို့ ဒုက္ခသစ္စာ အမှန်တရားကို မြင်ခြင်းသည် လောဘကို ပါယ်လိုက်ခြင်းပါပဲဟု ဆိုလေ၏ ။
လောဘမရှိသော,လောဘကိုပါယ်သက်လိုက်သောသူသည် လိုချင်တက်မက်မှုမရှိ၍ ထိုလိုချင်တက်မက်မှုကြောင့်
ဖြစ်တည်လာသော စွဲလမ်းခြင်း သမုဒယကိုလဲ ပါယ်သက်နိုင်ပါလိမ့်မည်ဟု ဆိုခဲ့,ဟောကြားခဲ့ပါလေ၏ ။ သို့တည်း အတွက် စွဲလမ်းတက်သော သမုဒယ၏ နွယ်ဖွား တဏှာပေမအရင်းခံသော ချစ်ခြင်းတရား၏ ပြောင်းလွဲတက်သောနိယာမနောက်၌
မျက်စိသူငယ် နားသူငယ် ဖြစ်နေခဲ့လေသော ကျနော်.....
                        အတွေးမတန်ရာဟုပဲပြောချင်ပြောရော့ မြတ်ဗုဒ္ဓ၏ ဒုက္ခသစ္စာ အမှန်ကို ဉာဏ်နှင့်မြင်၍ သမုဒယညွှန်မှလွတ်ရာ
သစ္စာတစ်ပါးဖြစ်လေသော သမုဒယသစ္စာ အမှန်ကိုပါ မျက်မှောက်ပြုလိုရင်းစွဲစိတ်တို့ အတွေးကသိုဏ်းသို့ဝင်ရောက်ခဲ့သည်မှာ
အမှန်ပင်ဖြစ်လေပါတော့ သည်ခင်မျာ........။

           **************************************************************              

ကျမ်းကိုး=အဘိဓမ္မာပိဋက အဘိဓမ္မတ္ထသင်္ဂဟပါဌ် ကျမ်းစာအုပ်နှင့်မိုးကုတ်ဆရာတော်ဘုရားကြီး၏

             ပဋိစ္စသမုဒ်ပါဒ် အလုပ်းပေးတရား စက်ဝိုင်းကို မှီးငြမ်းပါ၏....။

No comments:

Post a Comment