Tuesday, February 26, 2013
နွေ
မြောက်ပြန်လေတိတ်
နှင်းလည်းအိပ်၍
ရွက်ဆိတ်ပင်ယံ
ရိုးတံထည်းတည်း
ရှု့မငြီးဖွယ် ၊ လွင်ပြင်ကျယ်၌
ဝေ့၀ဲတံလျှက်
လှိုင်းထန်တက်သား
ဒီတိုးလားနဲ့
စေစားနွေနေ
လွမ်းဖွယ်ခြွေသည့်
ဥသြဆွေ့တေး
ရင်နင့်ဆွေးရန်
ကြူးရင့်ပြန်ပြီ လရာသီ...။
======================
ချစ်လွမ်းဝေ(ရွှေမျှောင်)။
အလင်းတစ်ခု၏ အမှောင်ခြမ်း
လင်းသစ္စာ ရောင်ဝါလွှမ်းတဲ့
မဂ်စခန်းကွယ့် ပြည်နိဗ္ဗူ
လှမ်းဆင့်လို့ခြူ...။
ယူမယ်ပါ့ စိတ်ကြံတွေး။
ပပဉ္စ တြိထွေးနဲ့
အ၀ိဇ္ဇာမှောင် နွံနံဘေးမှာ
ယက်ကန်ကန့်လေး...။
=============
ပပဉ္စတြိထွေး=ပပဉ္စတရား (၃)ပါး...။
၁။တဏှာ ၂။မာန ၃။ဒိဋ္ဌိ
ချစ်လွမ်းဝေ(ရွှေမျှောင်)။
ကိုယ်တိုင်ရေးစည်းမျဉ်း
မိငယ်ရေ....
အဓိပ္ပါယ်များစွာ သက်ရောက်နေတဲ့နေ့တစ်နေ့
ငါ့အတွက်
ငါကိုယ်တိုင် ကင်းစေခဲ့တဲ့
ပျော်ရွှင်ခြင်း တစ်ချို့တစ်လေပေါ့
ရှိမနေဘူး..။
အသိမှတ်ပြုပေမယ့်
ဦးမညွှတ်တက်တဲ့ ငါ့အတ္တက
ငါ့ကို အထီးကျန်စေခဲ့တာလား
ငါမသိ..။
သေချာတာကတော့
ဒီနေ့...
ငါရှိမနေဘူး
နင့်ရဲ့နံဘေးနားဆီမှာလေ...။
ခွင့်လွှတ်တော့ မိငယ်
ချစ်သူမျက်နှာဖူးမြင်ခွင့် အချိန်ခါကို
ငါ့လိပ်ပြာ ငါ
လိမ်ညာခြင်းနဲ့လှည့်စားယူရမှာ
အားနာတယ်...။
ဒီတော့ မိငယ်
အခြားတစ်စုံတစ်ရာ နေ့ရက်အချိန်ခါရှိရင်ပေါ့
အဲသည်နေ့မှာ ငါစောင့်နေမယ်...။
============================
ချစ်လွမ်းဝေ(ရွှေမျှောင်)
၁၄-၂-၂၀၁၃။
တွေးချဥ့်တက်စေ မြင်တက်စေ
=
တူးရူးသစ်တစ်ပင်
အသင် ကြည့်လိုက်ပါ..၊
ကိုင်းခက်နဲ့ပင်စည်လွှာ
အသင်လိုရာသုံး
အရိပ်လိုက ခိုဦးပေါ့...။
သစ်တစ်ပင်၏ တန်ဖိုး
သင့် အကျိုးများစွာ
စား,၀တ်,နေရာ
သင်လိုရာဖြည့်ဆည်း
ကျေးဇူးကြီးခဲ့...။
အသင် မြင်တက်စေ
သင့်မိဘ မျိုးဆွေ
သစ်ပင်တွေ ပမာထား
ငြိမ်းစေသား သင့်ကိုရည်
ဖေးမသည် အေးစေကြောင်း
သစ်တစ်ပင်ကောင်းလို...။
သစ်ပင်ကို မငဲ့ညှာ
သင်လိုရာ များစွာခုတ်
သစ်ငုတ်သာ ထည်းတည်း
ပြုန်းတီး၏သို့...၊
မိဘကို မငဲ့ညှာ
သင်ထင်ရာသင်လုပ်
သစ်ငုတ်ပမာ ထည်းတည်း
သင် ပြုန်းတီးမည်..။
========================
ချစ်လွမ်းဝေ(ရွှေမျှောင်)။
ဘယ်တွက်ကြောင့် ဖန်
နွေ.....
မြရည်စိုစိမ်း
ရွက်သစ်လိမ်းဖို့
နွဲ့ယိမ်းညွှန့်ခက်
ရော်ဟောင်းရွက်ကို
မြေထက်သို့စေ
ခြွေခဲ့လေလား
ကြွေစေလားကွယ်...။
နွေ.....
မြောက်ပြန်လေမှေး
တောင်လေဖွေးဖို့
ဆောင်းရေးနှင်းမှုံ
သူ့ဝတ်ရုံကို
လွှမ်းခြုံဇာပါး
တံလျှက်အားနဲ့
ဖိထားနှိပ်စက်
ပြေးထွက်စေစား
ရက်စက်အားတယ်...။
နွေ.....
အာကာထံပါး
သူရိန်အားနဲ့
ခံစား,မတက်
မာန်မျက်ထွက်၍
နေခက်မသာ
ပူလေတာလား
မညှာအားတယ်...။
နွေ.....
အသို့လည်းလေ
ဘယ်ပုံစေ၍
လေပွေခြွေးပါး
သင့်တံခါးကို
ဖွင့်ထားဦးကြို
ဥသြပျိုတေး
ခွန်းချိုသွေးဖွဲ့
ရင်ဆွေးသဲ့ဖို့
ဖန်ခဲ့သည်လား
ဖန်လေလား နွေ...။
************************
ချစ်လွမ်းဝေ(ရွှေမျှောင်)
၁၆-၂-၂၀၁၃။
လူယုံအသတ်ခံလိုက်ခြင်း
ဓားအထိုးခံသက်သက်
ကျောပေးရပ်ခဲ့မိသလား-?
အစွန်းရောက်ယုံကြည်ချက်က
သံသယသွေးကို အေးစက်စေခဲ့မိသလား-?
ဒါမှမဟုတ်.....
ပုံပြောတက်တဲ့နှုတ်ခမ်းပါးအောက်
မျက်စိလည်လမ်းပျောက်သွားခဲ့မိသလား-?
ကျနော် မသိတော့...။
ကျောဘက်ဆီမှ
"စူးကတည်း" အောက်သက်သက်အရာတစ်ခု
"ဝေဒနာ"ဟု သိလိုက်စဉ်
အပြေးအလွှား...အပြေးအလွှားပါပဲ
နောက်သို့ လှည့်ကြည့်လိုက်မိတယ်။
ဒါပေမယ့်.....
သွေးစက်လက်နဲ့ယုံကြည်ချက်က
အသက်ထွက်နှင့်နေပြီ...။
--------------------------------------------------
ချစ်လွမ်းဝေ(ရွှေမျှောင်)
၁၅-၂-၂၀၁၃။
အလွမ်းသင့်ကြွေ ခါဦးနွေမို့
မြောက်ပြန်လေ အတောင်ညောင်းလို့
ခါနှောင်းပေါ့ ဆောင်းဟေမာန်
ရော်ရွက်တို့ဝဲကာပျံ ၊
ပျော်ရက်တို့ စဲပါပြန်သည်
ခွဲခွါရန်နိမိတ်ပြေး...။
တောင်ရပ်ထံလေချိုအေးက
ဆော်သွေးလို့ တိုက်ခဲ့ပြန်
ယိမ်းနွဲ့သဏ္ဍာန် ၊
တိမ်းခဲ့ပေါ့ နှင်းငွေယံရယ်
ယွင်းလေပြန် ဟိုအဝေး...။
ချိုမွှေးတဲ့ ဘော်သဇင်
မပျော်ရွှင် လက်မှိုင်ချ
နွမ်းလျဘ၀င် ၊
တမ်းတပေါ့ ဆောင်းဝေဟင်ရယ်
ပျို့သခင် ငယ်ရင်နွေး...။
ဥသြပျို သူ-တေးဆိုဖွဲ့
နွေကြိုခဲ့ပေါ့ လရာသီ
လွမ်းစဖွေရည် ၊
မှန်းဆပေါ့ ဖြေမဆည်တယ်
တစ်မြေဆီကွယ် ခြားရှာလို့လေး...။
**********************
ချစ်လွမ်းဝေ(ရွှေမျှောင်)
၁၆-၂-၂၀၁၃။
ချစ်သူ့ တမန်
ရောက်လာခဲ့တယ်
ချောင်(ဂျောင်)အထိုးခံ အလွမ်းတစ်ချို့ကို
ထုပ်ပိုးရင်းပေါ့....၊
သာမန်ရိုးကျပါပဲ
တမ်းတကြောင်းကို
ပြောတယ်။
မေ့မရကြောင်းကို
ပြောတယ်။
သတိတရရှိကြောင်းကို
ပြောတယ်။
အမှတ်တရရှိကြောင်းကို
ပြောတယ်။
အဆင်ပြေကြောင်းကို
ပြောတယ်။
အတူနေချင်ကြောင်းကို
ပြောတယ်။
သူ့ အလုပ်အကြောင်းကို
ပြောတယ်။
ပြန်မလာနိုင်သေးတဲ့ အကြောင်းကို
ပြောတယ်။
အတော်ဝေးတဲ့ရှေ့ရေး အကြောင်းကို
ပြောတယ်။
နောက်ထက်
..........ပြောတယ်။
..........ပြောတယ်။
..........ပြောတယ်။
တစ်ခါ
နေကောင်းလား
မေးတယ်။
အဆင်ပြေလား
မေးတယ်။
လွမ်းနေလား
မေးတယ်။
တမ်းတရဲ့လား
မေးတယ်။
သတိရရဲ့လား
မေးတယ်။
နောက်ထက်
..........မေးတယ်။
..........မေးတယ်။
..........မေးတယ်။
တဖန်
လွမ်းနေပေးဖို့
မှာတယ်။
သတိရပေးဖို့
မှာတယ်။
တမ်းတပေးဖို့
မှာတယ်။
စိတ်မပူဖို့
မှာတယ်။
အတူဆုံးရေး ကြိုးစားပေးဖို့
မှာတယ်။
ကိုယ့်ကိုယ်ကို ကိုယ်တိုင်ဂရုစိုက်ဖို့
မှာတယ်။
နောက်ထက်
..........မှာတယ်။
..........မှာတယ်။
..........မှာတယ်။
ပြီးတော့.....
နိဂုံးချုပ်စကားတစ်ခွန်းပြောရင်း
ဆုတောင်းခြင်းနဲ့အတောသက်သွားလေရဲ့
"တော်သေးပြီ ကျန်းမာပါစေ"...တဲ့။
***********************************
ချစ်လွမ်းဝေ(ရွှေမျှောင်)
၁၈-၂-၂၀၁၃။
ဆွေးရောင်သန်းတဲ့ နွေ
"ဆောင်းအကုန် နွေအကူး"တဲ့
လေရူးကသုန်
နွေဦးရဲ့ရင်ခုန်သံတို့က
ဟိုတစ်စ,ဒီတစ်စ
တစ်ခါက အတိတ်ညကိုလှမ်းမျှော်
သြော်...အတူပျော်ခဲ့ရသည့် ကာလများ...။
ငွေလကသာ
ဆောင်းဝတ်လွှာ ပွင့်ပန်း
နှင်းစက်တို့ ပတ်ဖြန်းချိန်
လူခြေရယ်တိတ်
တိတ်တဆိတ်ပေါ့..၊
ကမ္ဘာဦးစကား
နှစ်ကိုယ်ကြားတီးတိုးဆို
ရင်နှစ်ကိုယ်ကြား
ကမ္ဘာခြားမလား-?
စိုးရိမ်အားနဲ့ပွေ့ဖက်
ဆောင်းည၏အအေးဓာတ်ကို တွန်းလှန်
ရင်ခုန်သံတို့ မြန်ခဲ့ရဲ့...။
ခုတော့ဖြင့်လေ
ဆောင်းရယ်ကြွေပြုန်း
စိုင်းပြင်တုန်းနွေ
ရော်ရွက်ခြွေချ
မြေ၀ယ်ခပြီ...။
ဆောင်းလဆီက
ထိုထိုညများ
ဆိုစကားတွေ
ချစ်သူသိလေ
လွမ်းပါလေစ
အတွေးစနှင့်
နွေလစခန်း
ဤညချမ်းလေး
ဆွေးရောင်ငွေ့ငွေ့ သန်းခဲ့သည်...။
***************************************
ချစ်လွမ်းဝေ(ရွှေမျှောင်)
၂၁-၂-၂၀၁၃။
Wednesday, February 13, 2013
ပြည်ထောင်စုနေ့
အို...ပင်လုံ
အောင့်မေ့ဘယ်ကုန်မလဲ။
ရင်အုံတွေစုစည်း
သွေးချင်းတို့ ရင်းနှီးခဲ့ကြ
ပြည်မနဲ့တောင်တန်း
တက်ညီလှမ်းခဲ့ သက်သေ
သ၀ဏ်လွှာခြွေ မှတ်တမ်း
သင့်ရင်မှာ ဥဒါန်းတွင်စေခဲ့တာ...။
အို...ပင်လုံ
တမ်းတဘယ်ကုန်မလဲ။
လွတ်လပ်ခြင်းမြဲဖို့ အားထုပ်
ကိုယ့်မြေကို ကိုယ်အုပ်ချုပ်ရေး
သင့်ရင်မှာ ဆွေးနွေးစေခဲ့တာ...။
အို...ပင်လုံ
လွမ်းစဘယ်ကုန်မလဲ။
ဆန်းဖခင်နေမ၀င်ခင်လေး
လက်မှတ်ရေး သက်သေ
လွတ်လပ်စေ သဘောညီမှု
လူတစ်စုနဲ့တိုင်ပင်
သင့်ရင်မှာ လမ်းစထွင်စေခဲ့တာ...။
အို...ပင်လုံ
ပြောဖွယ်ဘယ်ကုန်မလဲ။
ဖေဖ၀ါဆယ့်နှစ်ထဲ
ပြည်မြန်မာ လွတ်လပ်မြဲဖို့ရည်မေတ္တာ
တွဲခိုင်မာ သွေးချင်းနှော
တောင်ပေါ်မှာ အပြုသဘောဆောင်တဲ့နေ့
သင့်ရင်မှာ ကြွေးကြော်စေခဲ့တာ...။
ကျနော်,ခင်များ,ပြီးတော့ သူ
မငြိမ်သက်မှုများက
ငြိမ်သက်လု နှလုံးသားကို
တိုက်စားသွားတယ်...။
နင်းလွန်းလို့ ပြားနေတာပါ
ခွန်အားတွေ ယုတ်တာမဟုတ်ဘူး။
မကြောက်တရားက
တစ်ခါတစ်ခါမှာ
ဖောက်ပြားတက်တဲ့ ၀ိညာဉ်လို
ကျနော့်ရင်မှာ.....ခိုလို့
ခင်များရင်မှာ.....ခိုလို့
နောက် သူ့ရင်မှာ....
ခိုလို့ပေါ့
နေညိုဖို့ စောင့်နေကြတယ်။
စရိုက်တွေမလှတဲ့ နယ်ထဲ
ဘယ်သူတွေ
ခပ်ရဲရဲ မှားဝံ့လဲ-?
မပြည့်အိုးတွေချည်းပဲလေ
ဘေးဆိုးတွေပျောက်ဖို့
ဆုတောင်းရုံမှတပါး
ခင်များ,ကျနော်
ပြီးတော့ သူ
ဘယ်လိုလူ
အတ္တညှော်ကိုရှောင်လွတ်လဲ...?။
ဒရွတ်ဆွဲ သံသရာမှာ
ကံပါလာမည့် ဘဝ
ညီမျှခြင်းချကြည့်ရင်
လည်ပင်းရစ်ထိနေတဲ့ မျဉ်း
ဖြောင့်ဖြောင့်ကြည့်ခြင်းနဲ့ အဆုံးသက်ဖို့
(...တကယ်ပါ...)
ကျနော်တို့ ,ခင်များတို့
ပြီးတော့ သူတို့ပေါ့
ကြောက်စိတ်တစ်ချို့တော့ လိုတယ်...။
*********************
ခရောင်းလမ်းပေါ်မှာ...?
သင် ချစ်သော နှလုံးသားကို
သင် ကိုယ်တိုင်ထိန်းကွတ်လိုက်တဲ့ တစ်နေ့
သင် တွေ့ရလိမ့်မယ်
သင့်ရဲ့ဆုံးရှုံးနစ်နာမှု များစွာ...။
သင် မြတ်နိုးသော သင့်ဘ၀ကို
သင် ကိုယ်တိုင်စွန့်လွှတ်လိုက်တဲ့ တစ်နေ့
သင် မြင်ရလိမ့်မယ်
သင့်ရဲ့နောင်တတရား များစွာ...။
သင် ဘာကိုယုံကြည်ပါသလဲ
ခပ်ရဲရဲလျှောက်
သင့်ရှေ့မှာစောင့်နေတယ်
သင့် နှလုံးသားနဲ့
သင် မြတ်နိုးသော ဘ၀များ။
ဒါပေမယ့်....
သင်ကိုယ်တိုင် လျှောက်ရဲဖို့
ခွန်းအားတော့ မွေး...၊
အဲသည်မှာ...
နည်းနည်းတော့ ရှုပ်ထွေးတယ်။
Sunday, February 10, 2013
ဇန်န၀ါရီ,ဖေဖ၀ါရီ,ဂျူလိုင်မှသည် နေ့များစွာဆီသို့.....
ဂန္ထ၀င်မှတ်တမ်း
လက်ကမ်းလို့ ဆင့်ဝေ၊
တစ်သက်လွမ်းဖို့ ဖြစ်ပေတယ်
ရပ်မြန်နေ လူများ...။
ဇွဲမယုတ် သူ့ ခွန်အားနဲ့
မြတ်တဲ့စိတ်ထား။
နွံကြားမှ ကျုပ်တို့မြေ
ဆွဲထုပ်လို့ သူ စေသား။
ကဲ အဟုတ် စေတနာတရားရယ်က
မြန်မာများ လွတ်လပ်စေ၊
ကိုယ့်ဌာနေ ကိုယ့်ကျငန်း
စံမြန်းဖို့လေ။
အောင်ဆန်းတဲ့ ဇာနည်ဖေမှာ
ခန္ဓာဗွေဝန်ချလို့ ဆောင်မပေးဝေ၊
နောင်လာ့ဒို့တွေ အေးစေဖို့
အောင်ပန်းတို့စေ။
ဆောင်နန်းမြို့ ပြေ(ပြည်)တစ်ခွင်မှာလေ
မမေ့စဉ် လွမ်းရှာကြလေး.......။
==================
ရည်ညွှန်း=
ဖေ၀ါရီ(၁၃)ရက် ဗိုလ်ချုပ်အောင်းဆန်း၏ သက်တော်(၉၈)နှစ်ပြည့်သို့
ရည်ည်ညွှန်းပါသည်။
ချစ်လွမ်းဝေ(ရွှေမျှောင်)။
နွံ
နွံကြားမှာနေ
နှုန်းရေနှင့် သူမရော။
ပွင့်ချပ်လွှာတင့်တင့်မောတယ်
ပန်းကြာသဘော...။
ဘုံကြားမှာနေ
အာရုံတွေထွေပျော။
မရှောင်နိုင် ယိမ်းယိုင်မျောမယ်
ကိလေမှောင်တော...။
နွံထဲက လူ
ဗယ်လင်တိုင်းအကြို ရင်၌ခိုခဲ့လေသော အတွေးတစ်စ
ချစ်ခြင်းသည် မျှော်လင့်ခြင်းများစွာကို မွေးဖွားရှင်သန်စေခဲ့သည်ဟု ဆိုလျှင်ထိုအချစ်၏ဥပဒေသသုံးရပ်၌ အဘယ်အချက်သည် အဓိကအခန်းကဏ္ဍကပါဝင်သည့် ဖွဲ့စည်းကလာပ်ဖြစ်လေမည်နည်း။ ရယူပိုင်ဆိုင်လိုခြင်းသည် အချစ်၏ပဓာနသော့ချက်လေလော။
စွန့်လွှတ်အနစ်နာခံခြင်းသည် အချစ်၏ပဓာနသော့ချက်လေလော။
ပေးဆပ်ခြင်းသည်ကား အချစ်၏ပဓာနသော့ချက်လေလော။
ချေချေမျစ်မျစ် ကျနော်မသိ။ နှောင်တွယ်မိသည့် သံယောဇဉ်တစ်စက
မျက်နှာလွှဲခဲပစ်လို့မရအောင် ရင်ကိုချည်နှောင်စေခဲ့သည် ဟုတော့ ပုဂ္ဂလိကခံစားချက်နှင့်
ကြမ်းခင်းသက်မှတ်ထားခဲ့မိလေ၏။သို့သော် လုံလောက်ပြည့်စုံလိမ့်မည်ဟု မထင်ပါလေ...။
=============================================
ချစ်ခြင်းသည် သိမ်မွေ့၏ ။ နူးညံ့၏ ။ အသိခက်၏ ။ ဆင်တူယိုးမှား နှစ်သက်ခြင်းများနှင့်ရင်ကိုလှည့်စားတက်၏။
ဘ၀တွေကို ထိုးတက်စေနိုင်၏ ။ တဖန် ဘ၀တွေကို စုတ်ပျက်စေနိုင်၏ ။ ယုံကြည်ရာဇွဲတစ်ခုအတွက် ဓားတစ်လတ် လှံတစ်ချောင်း
ဖြစ်သလို အသွားထက်ထက် မျှော်လင့်ချက်တစ်စုံတစ်ရာကို ပဲ့ထွက်စေနိုင်သော ၀ါးမျတ်တစ်ချောင်းလည်းဖြစ်၏။
ချစ်ခြင်းကြောင့် ခေတ်အဆက်ဆက် ဂန္ထ၀င်တွင်သူများလည်း ရှိ၏ ။ ဗီလိန်တွင်သူများလည်း ရှိ၏ ။ အချစ်ကြောင့် ငြိမ်းချမ်းကြောင်း
ဖြစ်စေခဲ့သလို အချစ်ကြောင့် စစ်ပွဲပေါင်းများစွာလည်း ဖြစ်ခဲ့ဘူးကြ၏ ။ အချစ်ကြောင့် နန်းရာကိုစွန့်ခဲ့သည့် ဘုရင်များ ၊
အသက်ခန္ဓာကိုစွန့်ခဲ့သည့်
လူများ ၊ ရာထူးဌာနန္တရာ ရခဲ့ကြသူများ ၊ စိတ်တွေ လေလွင့်ခဲ့ကြသူများ ၊
သညာကင်းပျောက် ရူးမလောက်ဖြစ်ခဲ့ကြသူများ ၊ စိတ်ဖောက်
ရူးသွပ်သွားခဲ့ကြသူများ မနည်းပင် များပြားခဲ့ကြလေပြီ...။
ထို့ကြောင့် အချစ်သည် သိမ်မွေ့၏ ။ နူးညံ့၏ ။ အသိခက်လေ၏.......။
================================================
မှန်ပါသည် အချစ်သည် မျှော်လင့်ချက်ပေါင်းများစွာကို မွေးဖွားရှင်သန်စေခဲ့ပါ၏ ။ သို့သော် ထိုအချစ်ကြောင့်
မျှော်လင့်ချက်ပေါင်းများစွာတို့လည်း ပျက်ပြားခဲ့ကြရဘူးပါ၏ ။အသို့ဆိုသော် အချစ်၏ပုံပန်းသဏ္ဍာန်သည် မည်သို့ဖြစ်လေမည်နည်း။
အချစ်သည် ကလေးသူငယ် လူမမည်အရွယ်နှင့်လည်း တူကောင်းတူပေလိမ့်မည် ။ လူပျို,အပျိုဖော်ဝင်စ ဆယ်ကျော်သက်
ဘ၀တို့နှင်လည်း တူကောင်းတူနေပေလိမ့်မည် ။ ရင့်ကျက်တည်ငြိမ်စ လူလတ်ပိုင်းတို့၏ ရည်တည်ရာဘ၀ သရုပ်သကန်နှင့်လည်း
တူကောင်းတူနေပေလိမ့်မည် ။ တစ်ခါ ရင့်ကျက်တညငြိမ်ပြီး၍ အတွေ့အကြုံ,အတွေးအကြံမြင့်မားကြလေသော ဆံဖြူ,သွားကြွေ,
ပါးရေတွန့်ရွဲ အရွယ်အိုတို့၏ သံဝေမြဲသည့် ကျင်လည်ရာဘ၀နှင့်လည်း တူကောင်းတူနေပေလိမ့်မည် ။ သို့ဂလို ကြည့်မြင်မိပြန်တော့
အထက်ပါ
အချစ်၏ဥပဒေသသုံးရပ်တို့သည် ကာလ,ဒေသ,ပုဂ္ဂလ လိုက်၍ အရောင်ပြောင်းလွဲတက်သော
ပုတ်သင်ညိုတစ်ကောင်ပမာ ဖြစ်ချေလိမ့်မည်ဟု ဆင်ခြင်မိလေသောအခါ............
မြတ်ဗုဒ္ဓ၏သစ္စာအမှန်တရားသို့သာမျက်မှောက်ပြုလိုရင်းစွဲစိတ်တို့ အတွေး၌ တဖွဲဖွဲဖြစ်ပေါ်လို့
နေခဲ့ပါလေတော့၏....။
================================================
မြတ်ဗုဒ္ဓက မသိမှု အ၀ိဇ္ဇာကြောင့် မတည်မြဲခြင်း သင်္ခါရဖြစ်လာခဲ့၏ ။
ထိုသင်္ခါရကြောင့် ဖြစ်လွယ်,ပျက်လွယ်တက်တဲ့သဘောရှိသော
ဝိညဉ်နှင့်နာမ်ရုပ်တို့ဖြစ်ပေါ်လာခဲ့ကြပြန်၏။
ဝိညာဉ်နှင့်နာမ်ရုပ်တို့ဖြစ်ပေါ်လာပြီဆိုလျှင် ၀ိညာဉ်ကနာမ်ရုပ်အပေါ်၊နာမ်ရုပ်က၀ိညာဉ်အပေါ် စွဲလမ်းခြင်း
သဠာယတန အာရုံတရားများ အဆက်မပျက်ဖြစ်ပေါ်လာတက်သည် ဟု ဆိုပါသည် ။
ထိုသဠာယတနကြောင့် အာရုံကို ထိတွေ့ကိုင်တွယ်သုံးသပ်လိုမှု ဖဿတရာများဖြစ်ပေါ်လာတက်ပြန်၏ တဲ့ ။
တစ်ခါ ထိုဖဿကြောင့် ခံးစားလိုမှု ဝေဒနာတရားများ ဖြစ်ခဲ့ကြပြန်၏ ။ ထိုဝေဒနာကြောင့် တက်မက်နှစ်သက်ခြင်း တဏှာပေမတို့
တဖန် ရောက်လာခဲ့ကြပြန်၏ ။ ထိုတဏှာတရားကြောင့် စွဲစွဲလန်းလန်းဖြစ်မှု ဥပါဒါန်တို့ ရောက်လာခဲ့သည်ဟု ဆိုပြန်၏ ။
ထိုဥပါဒါန်ကြောင့် မဆုံးသောဘ၀တို့ ပေါ်ပေါက်လာခဲ့တာဟုလည်း ဟော၏ ။ ထိုဘ၀များရှိနေသရွေ့ ဇာတိ,ဇရာ,မရဏ လို့ခေါ်တဲ့
ဖြစ်တည်ခြင်း,ဟောင်းနွမ်းခြင်း,သေဆုံးပျက်စီးခြင်းတို့နှင့်လုံးချာလည်ရင်း သောက,ပရိဒေ၀,ဒုက္ခ,ဒေါမနဿ,ဥပါယသ လို့ဆိုတဲ့
ဝမ်းနည်းပူဆွေးခြင်း,ငိုကြွေးမြည်တမ်းခြင်း,ဆင်းရဲခံခက်ခြင်း,နှလုံးစိတ်ဝမ်း မအေးချမ်းခြင်း,နောင်တ တဖန်ပူပန်ရခြင်း တို့
ဖန်တရာတေအောင်ဖြစ်နေရဦးမည့် သံသရာ၌ ၀ဋ်ဒုက္ခကြီးစွာကျင်လည်နေကြရဦးမည့် ဘ၀ထိုထိုတို့ဖြစ်ပေါ်နေကြရ,
ကျင်လည်နေကြရသည် ဟု ဟောခဲ့ပါ၏...။
===============================================
တဖန် မြတ်ဗုဒ္ဓက အထက်ပါတရားများကိုမြင်၍ ဆင်ခြင်သုံးသက်တက်မှသာလျှင်
ချစ်ခြင်းဟူသော ဆင်းရဲစေတက်သည့် တဏှာပေမ ဒုက္ခတရားကို မြင်နိုင်ပေလိမ့်မည်
။ထိုသို့မြင်ခြင်းသည်ဆင်းရဲကိုဆင်းရဲဟု အမှန်မြင်ခြင်း
ဒုက္ခသစ္စာ ဖြစ်ပါသည်တဲ့။ ထိုဒုက္ခသည်လည်း လိုချင်မှန်သမျှကိုတက်မက် မက်မောတက်သော လောဘကြောင့်
ဖြစ်တည်ပေါ်ပေါက်လာခဲ့တာမို့ ဒုက္ခသစ္စာ အမှန်တရားကို မြင်ခြင်းသည် လောဘကို ပါယ်လိုက်ခြင်းပါပဲဟု ဆိုလေ၏ ။
လောဘမရှိသော,လောဘကိုပါယ်သက်လိုက်သောသူသည် လိုချင်တက်မက်မှုမရှိ၍ ထိုလိုချင်တက်မက်မှုကြောင့်
ဖြစ်တည်လာသော
စွဲလမ်းခြင်း သမုဒယကိုလဲ ပါယ်သက်နိုင်ပါလိမ့်မည်ဟု ဆိုခဲ့,ဟောကြားခဲ့ပါလေ၏
။ သို့တည်း အတွက် စွဲလမ်းတက်သော သမုဒယ၏ နွယ်ဖွား တဏှာပေမအရင်းခံသော
ချစ်ခြင်းတရား၏ ပြောင်းလွဲတက်သောနိယာမနောက်၌
မျက်စိသူငယ် နားသူငယ် ဖြစ်နေခဲ့လေသော ကျနော်.....
အတွေးမတန်ရာဟုပဲပြောချင်ပြောရော့ မြတ်ဗုဒ္ဓ၏ ဒုက္ခသစ္စာ အမှန်ကို ဉာဏ်နှင့်မြင်၍ သမုဒယညွှန်မှလွတ်ရာ
သစ္စာတစ်ပါးဖြစ်လေသော သမုဒယသစ္စာ အမှန်ကိုပါ မျက်မှောက်ပြုလိုရင်းစွဲစိတ်တို့ အတွေးကသိုဏ်းသို့ဝင်ရောက်ခဲ့သည်မှာ
အမှန်ပင်ဖြစ်လေပါတော့ သည်ခင်မျာ........။
ကျမ်းကိုး=အဘိဓမ္မာပိဋက အဘိဓမ္မတ္ထသင်္ဂဟပါဌ် ကျမ်းစာအုပ်နှင့်မိုးကုတ်ဆရာတော်ဘုရားကြီး၏
ပဋိစ္စသမုဒ်ပါဒ် အလုပ်းပေးတရား စက်ဝိုင်းကို မှီးငြမ်းပါ၏....။
ရင်စွဲနာ
မျှော်နေမိတယ်
ဒါပေမယ့်....
သူ မသိဘူး။
ခေါ်နေမိတယ်
ဒါပေမယ့်...
သူ မကြားဘူး။
ခံစားဖူးသမျှ ဝေဒနာ
ရင်မှာ အနေခက်
ချေဖျက်မရ ၊
နှလုံးသားထက်မှ ဒဏ်ရာ
အလွမ်းနာ အတော်ဆိုး
တိတ်တခိုး မဖြေသာ
သူ...မြင်သာမှ ငြိမ်းလိမ့်မည်...။
Sunday, February 3, 2013
နှောင်တွယ် ခြင်း
ယုံကြည်ရာကို ရွက်လွှင့်ဖို့
ဘ၀ကို လေနှင်ရာသို့
တင်ခဲ့မိတယ်.....။
လှိုင်းလေကလည်း
ထန်တစ်လှည့်,ပြေတစ်ခါ...။
ပြေဆင်းခဲ့ရတဲ့ ကုန်ဆင်း
မော့တက်ခဲ့ရတဲ့ တောင်တန်း
တူးရူးလမ်းက
ဖြောင့်တစ်လှည့်,ကောက်တစ်ခါ...။
ခရီးလမ်းက
ကြမ်းတစ်လှည့်,နုတစ်ခါ...။
အောင်မြင်ရာက
မြုတ်တစ်လှည့်,ပေါ်တစ်ခါ...။
မပြေလည်မှုများစွာ ရောထွေး
အလှမ်းမဝေးတဲ့ အနာဂါတ်
ငါ ကိုယ်တိုင် နိမိတ်ဖက်လို့...၊
ပြေးလျှက်ပါပဲ
ဟောသည့် လောကထဲမှာလေ
ငါ မသေသရွေ့
ခင်တွယ်ရာနဲ့ မွေ့ချင်တယ်...။
မြတ်နိုးတက်စေ ရိုးရာမွေ
ရိုးယာဉ်တင့်ဆန်း၊လှပန်း ပန်းချီ
တိုင်းဌာနီဝယ်၊ရွှင်ကြည် ဘဝ
ဖြစ်လာကြသား
အို...မယ်မြန်မာ အများတို့...၊
ကိုယ့်တိုင်း ကိုယ့်ပြည်၊ကိုယ့်မွေ ဆီနှစ်
ကိုယ်ထိမ်းလစ်မှ၊ရိုးရာ့ ရတနာ
ကိုယ့်ပြည်ရွာတည်၊သာဝေစည်မည်။
သို့ပြီးတကား၊မြန်ပြည်ဖွားနှမ
ရှေ့ကားအဖ၊တို့မိဘတို့
ဆုံးမစကား၊လက်ဆင့်ပါးလိုက်
ဦးတိုက်စေရာ၊ခွန်းဆင့်ပါသည်
တောင်း၏ကွတ်ထုံး၊မြဲနှလုံး၌
စွဲသုံးစိုက်၍ ထားပါလေ...။
Saturday, February 2, 2013
လူငယ်...သို့သော်....လူငယ်
မှန်သည်,မှားသည် အပထား
ဘ၀လမ်းများတလျှောက်
ဦးနှောက်ကို သုံးလို့
ခံစားမှုနောက်လိုက်ခဲ့တယ်။
အတွေးချင်း ဖလှယ်
နှလုံးသားချင်း ဖလှယ်
အိမ်ပြန်ချိန်တွေလည်း
နောက်ကျချင် နောက်ကျပေလိမ့်မယ်။
ပါတ်ဝန်းကျင်ညွှန်တွင်းကလည်း
"မစင်ကြယ်ခြင်း"လို့
သမှုတ်ချင် သမှုတ်ကြပေလိမ့်မယ်။
လူငယ်သည် လူငယ်ချင်း
ချစ်ခြင်းများနှင့်ဆက်လျှောက်
လူးကြီးလောက် မရင့်ကျက်ချင်ဘူး။
ငါ မကြောက်ဘူး
ငါ ရူးသလောက်
ငါ ဆက်လျှောက်ချင်တယ်....။
ကျေးဇူးပါ အမေ
သက္ကရာဇ်တစ်ခုရဲ့ ရာသီညွှန်းတမ်းက
ဆွေးမြေ့ရက်ကြွင်းတို့ကို ချေဖျက်ရင်း
နေ့ရက် သက်တမ်းမြှင့်တင်ခြင်းနှင့် အတူ
ငါ့ကို ကြီးရင့်ခြင်းဆီ စွဲခေါ်လို့...၊
ပျိုပျိုမျစ်မျစ် ကမ်းလင့်နေတဲ့ နေ့ရက်စခန်းတစ်ခုက
အနာဂါတ်ကိုထုဆစ်ဖို့ တစ်ခါ
ငါ့ကို နေရာလာပေးနေရဲ့...၊
အိုဟောင်းခြင်း,အသစ်တစ်ဖန်ဖြစ်တည်ခြင်း
နိယာမ အတွေးမြစ်မင်းရဲ့ကြား
ဦးညွှတ်လှိုက်ခါသွားတဲ့ အသံတစ်ခု
နှလုံးသားမှ လွှင့်ထူသမှုပြုလိုက်တယ်
"ကျေးဇူးပါ အမေ".....။
=====================
ရည်ညွှန်း=နှောင်းရစ်ခဲ့လေသောေ ငွရတု သက်တမ်းတစ်ခုသို့ တမ်းတလှိုက်မောစွာ....။
ဆောင်းရက် ရွက်ကြွေ
ဆောင်းနှင်း ခြွေဖြုတ်ပါလို့
ရွက်အုပ်ကြွေ ရိုးရီ
လေကိုင်းဝေသီ
ရော်ရီရောင် တစ်ကိုယ်လွှမ်းခဲ့ရ
လေနန်းမှ သူကြွေပုံမှာ
ချိနဲ့ကုန် အားအင်စွမ်းကယ်နှင့်
နွမ်း လှတယ်လေး...။
ပင်ယံနန်းစံ
နားနေရန် မသင့်
လေပင့်ရာ စံရသော်ကြောင့်
ရိုးတံပြုတ်ကြွေ
လေမှာဝေနှင့်
ပင်ထံနေ ရွတ်စိမ်း
ယဲ့ယဲ့ ယိမ်းဟန်ကို
တ,သရန် ခွင့်မသာအောင်
လေပွေမောင် သူဆောင်ရော့တယ်
ရော်ရွတ်သူ့ အနေ
ကျမျက်ရေ(ရည်) ပင်လယ်ဝေသနဲ့ကယ်နှင့်
လွမ်း ရတယ်လေး....။
လွမ်းသံနှောသည့် ညဥ့်နက်တေး
၁။ ည၏အရေး
မျှော်ကာငေး
လွမ်းတေး အသို့သီရမယ်။
လ၏အရေး
ရွှင်ကြည်ဖွေး
ညဆေးကြည်၍ ယာဉ်လှတယ်။
၂။ ချစ်သူအဝေး
ရှောင်ဖယ်ပြေး
လွမ်းဆွေး ဘယ်သို့ဖြေရမယ်။
ဆုံမည့်အရေး
မျှော်ကာတွေး
ရင်လေးပါလို့ ငိုရတယ်။
၃။ ညဥ့်နက်အတွေး
ဘာသာဆွေး
လရေး ခေါင်မိုးကျော်ပေါ့ကွယ်။
ချစ်သူခင်လေး
လွမ်းသည့်တေး
ကုန်သေးပါကွယ့် များလှတယ်။
၎။ လရောင်မှိန်ပြေး
လင်းရောင်မှေး
ညဥ့်ရေး နက်လို့မှောင်ပေါ့ကွယ်။
ဘာသာရင့်ကြွေး
လွမ်းသည့်တေး
ရင်ထွေးပါလို့ မောလှတယ်။
၅။ သဲ့သဲ့ယှက်ပြေး
လေပြေအေး
ကူပေးပါကွယ့် ပြောရော့ဟယ်။
ချစ်သူခင်လေး
မောင့်ချစ်ထွေး
အပြေးပြန်လို့ ဖေးဖို့ရယ်။
၆။ မှိတ်တုတ်ဖွေးဖွေး
ကြယ်ကလေး
ကူပေးပါကွယ့် ပြောရော့ဟယ်။
မောင့်ချစ်သူလေး
ပြန်လာထွေး
ရင်ဆွေးပြေလို့ အေးဖို့ရယ်။
အသိသတိ ချဥ့်ချိန်ညှိ
မသိသည်ကို မသိသလိုမလုပ်
အသိအဟုတ်မှတ် မောင်လူတက်
သင် ဘယ်တွက်တုတ်လေသနည်း...။
သိသည်ကို မသိသလိုလုပ်
အသိအဟုတ်မမှတ် ကိုလူတက်
သင် ဘယ်တွက်ကုတ်လေသနည်း...။
ကြားသိစေသား
တောထခဲ့ဘူးတဲ့ စကားဇောင်းက
ခုတော့....တိတ်တဆိတ်ချောင်ခိုလို့
နေညိုဖို့ ပြင်နေပြီလား-?။
ကြည့်မြင်မှုအားနည်းတဲ့ မျက်လုံးမှာ
မျက်ရည်က
သီခိုတွဲတောက်တောက်။
မမြင်ဘူးလို့
မြစ်ထင်ခဲ့မိတဲ့ မူးတစ်စင်းပါကွယ်
စီးဆင်းလိုမှ စီးဆင်းပေါ့
ရင်နာဖို့ထက်
မမြင်ရာသာ ကိုယ့်အတွက်
ဝေဒနာတစ်ဝက်သက်သာစေမယ် ထင်ရဲ့။
နေရက်လို့ နေသူအတွက်
နေတက်သလို နေဖို့မဖြစ်ပေမယ့်
ရေစက်ကို မျှော်လို့မှမရပဲ
ဘယ်လောက်ပဲ
ရင်ထဲ ခံခက်ပါစေ
လွမ်းတယ်လို့မပြောဘူး မိငယ်...။
လိပ်ပြာတမ်းချင်း
နှလုံးသားကိုဖွင့်လျှက်ပါ
ပျံသန်းလိုရာ သွား
ချန်ထားလော့ လိပ်ပြာ။
တွယ်တာလိုရာ နန်း
ရင်ချမ်းမြေ့ ကြည်နူး
မင်း ခိုဝင်ဦးပေါ့။
မရွှင်ဘူး ဆိုပေမယ့်
ကြည်နူးခွင့်မှ မရှိပဲ
တစ်ကိုယ်တည်း ကြေကွဲ
ငိုနေရုံပဲလေ။
လှည့်ကြည့်မနေနဲ့တော့ လိပ်ပြာ
ယဲ့ယဲ့သာရှိတဲ့ နှလုံးသား
မျက်ရည်သုတ်ဖို့ ခွန်အားမရှိ
မင်း သိမလား-?
စွန့်လွှတ်ခြင်းနဲ့ ဝေဒနာကြား
ကျောခိုင်းခြင်းသာခြားတဲ့ အလွမ်းတွေ
ငါ့ကိုရှေ့နေလိုက်လို့
ရှေ့ဆက်မိုက်ဖို့ တွန်းအားပေး
(...မင်းကို...)
ခပ်ဆွေးဆွေးလေး လွမ်းဆဲ
တမ်းတမှ မပြေပဲကွယ်။
လိပ်ပြာရေ ပျံသန်း
တောတောင်စခန်း တစ်ထောက်
မင်း အမောဖောက်လာရင်
ငါ့ရင်ခွင် နေမ၀င်ခင်ပြန်လှည့်
ပြန်ခဲ့ပါ လိပ်ပြာ
ကြည်ဖြူစွာနဲ့ ငါတစ်ယောက်
ရင်ကို ဖွင့်လျှက်စောင့်နေမယ်။
ရာသီလွဲတဲ့ အလွမ်းစ
ဆောင်းခူးဖို့ ကြံရွယ်မှ
နှင်းစက်က သုန်း...။
မပြောင်းဘူးလို့ ရင်တွယ်မှ
ချစ်သူက မုန်း...။
ခင်တွယ်သမျှ ရှုံးတဲ့ဘဝ
အမှောင်ကွယ်မှ လင်းတဲ့'လ'လို
နေရောင်မှာ ဒူးထောက်
ခပ်ရေးရေးတောင် လင်းခွင့်ပျောက်သူ...။
ဦးညွှတ်စရာ မကြည်ဖြူသည့်နောက်
နွေရောက်ရောက် မိုးရောက်ရောက်
အညွှန့်အညှောက် တဖန်ထွက်ဖို့ထက်
နွေရက်မှာ မကြွေ ၊မိုးထက်မှာ အနေရဲ
မကြွေလွင့်ရင်ပဲ ကျေနပ်
အဝေမပျက်သရွေ့၊နွေထက်မိုးထက်
လွမ်းလျှက် စောင့်သူ...။
Subscribe to:
Posts (Atom)