နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, April 16, 2013

အလွမ်းခိုးတဲ့ ည

 မိငယ်ရေ....
အိပ်မယ် အိပ်မယ်နဲ့
ဒီညတွေကြား
ငါ့မှာ
အိပ်ရေးပျက်ခဲ့ရပေါင်းများပြီ။

အစစ အရာရာ
နာရီရဲ့စက္ကန့်လက်တံတွေလို
ခံစားချက်က
ရင်ကိုလာလာပြီး လှည့်ပတ်
တရစပ်ပဲလေ
ငါ့ အိပ်ပျက်ညတွေမှာ
နင်က
စိုးမိုးလွန်းတယ်။

ငါ့အတွေးနဲ့ ငါ
ငါ့အသိနဲ့ ငါ့စိတ်
တိတ်တိတ်လေး ငေး
တစ်ကိုယ်ရည် ဆွေးကြည့်တာတောင်
နင်က ပါပါလာတယ်။

တကယ်ပါပဲ
ကြင်နာမယောင် အိပ်မက်က
နှိုးစက်ချပြီး လှန့်လှန့်နှိုးလို့
ကသောကမျော နိုးခဲ့ရတဲ့ ညတွေ
ငါ့ဘေးမှာ
အသင်္ချေ မကတော့ဘူး။

ပြန်လာပါဦး မိငယ်

မျှော်မိတယ် လေ
အယောင်ဆောင်ညတွေထဲ
ခန်းစည်းလေးများ ရှဲသွားရင်
လည်က
အလိုလိုပြန်လှည့်မိလျှက်။

"ကြည့်တက်လျှင် မြင်လိမ့်မယ်"တဲ့
အသိစိတ်က တားလို့လား
ထင်ယောင်ထင်မှားတွေကြားမှာပဲ
ဝေ့၀ါးဆဲပါ မိငယ်။

နင်ရှိမယ်အထင်နဲ့
အလိုလို ကြည့်ခဲ့မိတဲ့အရပ်တွေမှာ
ငါ့မျက်ဝန်းရာတွေသာ အထပ်ထပ်
နင် မမြင်ချင်လို့သာ မမြင်တက်ခဲ့တာပါ။

ဆုတောင်းတိုင်းသာ
"လိုရာပြည့်စေ"ညွှန်းတမ်းပါရင်
တစ်ဖက်သက်အလွမ်းတွေ ကုန်ခမ်းဖို့
ငါ အနူးအညွတ်တောင်းချင်တယ်
မိငယ်ရယ်....
အမြန်လာပါတော့...။

                ချစ်လွမ်းဝေ(ရွှေမျှောင်)
                2-4-2013(Am=2:58)


No comments:

Post a Comment