နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, January 1, 2013

အမေနှင့်ရွာသို့ တမ်းခြင်း

အမေ...
ထန်းတောညို ဟိုအဝေးက
မန်ကျည်းအိုတန်း ရွာအ၀င်လမ်းနှင့်
အမေခင်တွယ် ယာပြင်ကျယ်အင်တိုင်း
သား ကျောခိုင်းခဲ့ ကြာပြီပေါ့။

ကြာခဲ့ပါပြီ အမေ
သားအရွယ် နုနယ်သေးကွေး
ကျောင်းနေရွယ် ကလေးဘဝ
ကစားပျော်ရွာတလင်း
ကျောင်းနေဖက်သူငယ်ချင်းနှင့်
နွားကျောင်းဖော် အပေါင်းသင်းကိုခွါ
အမေနဲ့ရွာ နွားကျောင်းရာစားကျက်
သား အားလုံးကိုနှုတ်ဆက်ခဲ့ရတယ်။

အဲ့သည့်နေ့က.....
အညာမြေအလှ တမာတွေကလည်း ပွင့်လို့၊
တပေါင်းနေသရမ်း
ချောင်းရေကလည်း ခမ်းလို့ပေါ့။
အရှေ့တောစီက
ဥသြငယ်ရဲ့တေးချို အရေးဆို၍မပြီးခင်
လှည်းကိုကောက် နွားငေါက်ထွက်ခွါ
အမေ့ရွာနှင့် အဝေးဆုံးနေရာဆီကိုပေါ့
သား ထွက်ခွါခဲ့ရတယ် အမေ။

ခုတော့....
ရာသီရယ်ပြောင်း
အချိန်တွေဟောင်းလို့
မြို့မှာအနေကြာ
အရေရာတဲ့ဘ၀နှင့် အမေ့သားလှ
အမေနဲ့ရွာကို တမ်းတ
လွမ်းပေမယ့် အမေရယ်
ပြန်ခွင့်မရခဲ့ပါဘူး။

ဟိုတုန်းကပေါ့
ကလေးအရွယ် ငယ်ကတည်းက
စွဲမိတဲ့မြင်ကွင်း
အရုဏ်ကျင်းနံနက်ရောက်
လှည်းကောက်သူ ကောက်
နွားငေါက်သူ ငေါက်
တစ်ချို့ထွန်ပြင်,တစ်ချို့ဓားသွေး
"ဟေး...ဟေး...လာ...လာ
နေမမြင့်မှီ သည်ငန်းလေးပေါက်
တို့...တစ်ထောင့်နားကြမည်"
ရွာအပြင် ဟို...ယာခင်းဆီက
ယာရှင်တို့ ဆိုစကား
အမေရယ်....
သားမကြားရ ကြာ...ကြာလှပေါ့။

ဂျိုးတွန်,ခါမြူး
ဝသန်းကူးချိန်
နေညိုတိမ်းတောက်
မိုးဦးရောက်ရင်
ဟို...အနောက်ထန်းတန်း
ရွာအ၀င်လမ်းက
ဂျိုထောင်,ဂျိုကုတ်
နွားတစ်အုပ်နဲ့
အလုပ်သိမ်းစ ရွာအလှကို
အမေရယ်....
သားမတွေ့ရ ကြာ...ကြာလှပေါ့။

မိုးကုန်စဆောင်းအကူး
ထွန်ရေးနူးချိန် ပဲကောက်ချိန်ဆို
"အိုကွယ်...ဖေ့သား
ဟာ...သည်နွားနှယ်"
ချော့ခါ,ခြောက်ခါ,စုတ်သက်ခါနဲ့
နှင်တံကြိမ်မိုး,သက်ရိုက်ထိုး၍
ထွန်းရေးငင်ဟန် အဖေ့သဏ္ဍာန်ကို
အမေရယ်....
သားမမြင်ရ ကြာ...ကြာလှပေါ့။

ရာသီသုံးလီ ဘယ်ဆီကြည့်ကြည့်
ယာပြင်တစ်လွှား အလုပ်များကြ
ရွာအလှနှင့်တောသဘာဝ
ဓလေ့ထုံးဆန် အဖန်ဖန်ကို
မြင်ယောင်တမ်းတ
အမေရယ်....
သား လွမ်းတိုင်းမျက်ရည်ကျလျှက်ပါ။
 ------------------------------------------------
ရည်ညွှန်း....။                  "ဒကာချစ်ရေ...'အမေနဲ့ရွာတမ်းခြင်းလေးတစ်ပုဒ်လောက်
    မြည်းစမ်းပါရစေလား' ဤနှယ်မြွတ်ဟခဲ့လေသော အရှင်.......သို့
အနည်းငယ်မျှ အဟာရဖြစ်စေဖို့ ရည်ညွှန်းဖွဲ့သီပါ၏။
အရှင်......၏ ကိုယ်စား အရှင့်နေရာမှခံစားရေးဖွဲ့ထားပါသည်။

No comments:

Post a Comment