နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, November 30, 2012

ရင်ဝးဆန္ဒ

ညစခန်းမှာ
"လ"နန်းမွှေ့ယာပျောက်
ခရီးထောက်ခဲ့ပြန်ပေါ့.....။

ကောက်သင်းကောက်တဲ့အလွမ်း
ရင်ခွင်လမ်းမှာငန်းတိုက်
လက်လှမ်းမှီရာစွဲရင်းလိုက်နေမိ။

နွေအတိပါပဲ
တွေးမိသမျှဝေဒနာ
မြင်မြင်ရာမှန်သမျှ အနာတရ
ဒဏ်ရာဗလပွနှလုံးသား
(...ချစ်သူရယ်...)
လူကြုံပါးဖို့တောင်ခက်တယ်။

ဝေးနေတဲ့နေ့တွေ
အလွမ်းရဲ့ခြေရာတွေကိုစုစည်း
လက်ဆောင်အဖြစ်သိမ်းဆည်းသမျှ
ရင်ကိုပဲအနာတရဖြစ်စေခဲ့။

တကယ်ပါ.....
တွေးကြည့်ပါရဲ့
ဝေးမည့်ကြမ္မာပါသည့်ဘဝ
ခ၀ါချခွင့်ရရင်လေ
ကျနော်...ခွါချပစ်လိုက်ချင်တယ်၊
ချစ်လျှက်သူစိမ်းဆန်နေတဲ့နေ့များ
ချစ်သူတွေကြားမှာမရှိအောင်ပေါ့........။

Thursday, November 29, 2012

စေလိုရာ ဘဝ

တိမ်လိုပဲလား.....?

ခဏ၀ဲလည်၊ပြီးပျောက်ကွယ်သည့်

သောကပူဝိုင်း၊သူရူးတစ်ပိုင်းဘဝ

နှစ်ရှည်လများ၊ရင်ခွင်ကြားမျှော်

ခံစားဖော်ဝေး၊အခြေမပေးခဲ့။

 

လေလိုပဲလား.....?

တောင်အီမြောက်ရပ်၊ချိန်ခွင်စက်လှည့်

ဆုံမှတ်ရက်နေ့၊ခွဲခွါတွေ့ကြုံ

မဆုံဘ၀၊ချိန်ကာလတို့

ပြောင်းလို့ဝဲလည်၊ကြာလည်းကြာခဲ့။

 

တိမ်နှယ်လေနှယ်၊သည်နယ်ပယ်၌

ရင်သောကနှောက်၊အလွမ်းပေါက်ပင်

မပျိုးပဲရှင်နေ၊ဆွေးမြေ့ကျေနွမ်း

နှလုံးသားပမ်းလျ၊စည်းခြားဘဝ

                      ပြုထားသမျှနုရုံလား....? ။                            

အလွမ်းမှတ်စု

အရိပ်အငွေ့

တွေး၍ကြည်နှုး

တွေ့ခဲ့ဘူးသည့် နေ့ရက်များ။

 

အထွေးအပွေ့

ချွေးသိပ်အိပ်ဖူး

နွေးခဲ့ဘူးသည့် ရင်ခွင်ကြား။

 

အမူအရာ

မြင်ကာစိတ်ကူး

ယုယဘူးသည့် နေ့ရက်များ။

 

အတွယ်အတာ

သံသာဖွဲ့စူး

ပြောခဲ့ဘူးသည့် စကားများ။

 

ထုံသင်းရနံ့

ပင့်သက်ရှိုက်မူး

နမ်းခဲ့ဘူးသည့် ဆံဆဖျား။

 

ရင်နှင့်နားဆက်၊မျက်ဝန်းထက်ပြင် 

တွေးတိုင်းမြင်,ကြား၊ရနံ့များကို

နှလုံးသားဖြင့် မှတ်သား၏......။

အလှသစ္စာ

အတွေးတစ်ခုရဲ့ ကသိုဏ်း

ရှု့တိုင်းမြင်စရာတွေချည်း ။

 

ဘ၀တစ်စုရဲ့သမိုင်း

လူတိုင်းပြင်စရာတွေချည်း ။

 

ရင်ဘတ်တွေနီးဖို့ပဲလိုတာပါ

မကျေလည်မှုများစွာ

ကွဲလွဲမှုများစွာ

တဒင်္ဂခဏငယ်မှာချန်ရစ်

ဘ၀သစ်အတွက်အားမာန်

အသီး,အပွင့်တလျံလျံနဲ့ခရီး

ကမ်းလက်တွေစုစည်းထားလိုက်လေ

ကျွန်ုပ်တို့ရဲ့ကောင်းကင်ယံ

လှပမှုတွေဝန်းခံထားတယ်......။

.။             

တောကထိန်

ဗျောတိန်တိန်သာပါပေ့

မြန်မာဓလေ့ပွဲတော်

ရွှေဒိုးနော် ညံမစဲ။

 

တဆင့်ကဲ

အရပ်ထဲလှည့်လည်

ပရိသက်တကယ်စည်တဲ့ပွဲ။

 

သဘောမနိန်ဖြူပါပေ့

ပြူငှာဓလေ့ ကျေးအိမ်

စေတနာထိန် မီးခိုးစဲ။

 

ရွာဦးကျောင်းထဲ

စုပေါင်းမိတ်စုံ၊

တစ်နှစ်မှတစ်ခါကြုံ

တစ်ကြိမ်သာ တူစုံနွှဲ

တောကထိန်ပွဲ......။     

တစ်ဖက်သက်

"ထာဝရ"ထင်ထားခဲ့တာပါ

မမြင်တာကြာမှ

ကျနော်...သတိထားလိုက်မိတယ်

"အနတ္တ"၏ အခြံအရံမဲ့ခြင်း....။

 

"တဒင်္ဂ"ထင်ခဲ့ပေမယ့်

မြင်နေကြပုံရိပ်များ

ရက်ဆက်များလာမှ

ကျနော်...တွေ့လိုက်ရတယ်

"သောက"၏ အပေါင်းပါတစ်သင်း.....။

 

အင်း......

ခေါင်းမာလွန်းသည့် အစွဲ

သူမကိုပဲ ဦးညွှတ်

အနားအကွတ်မဲ့ အလွမ်း

နောက်လှည့်မကြည့်တက်မှန်းသိသိ

ကျနော်......

သူမကိုပဲမျှော်နေမိတယ် ။            

စိမ်း

မျက်နှာမစိမ်း၊နယ်မြေတိန်းခွါ

အဝေးမှာပျော်၊ခံစားဖော်မေ့

ဘ၀နေ့တွေ၊ဆုံတွေ့မလွယ်

အသဲမယ်နင့်၊ကြွမ်းလောင်ဖြစ်တည်

နစ်ချည်မစဲ၊သမုဒယ၀ဲ.....။

 

အနေကွာတိန်း၊နယ်မြေစိမ်းကြား

သက်ထားဘယ်လို၊ပျော်သလိုနေ

ဘ၀နွေကို၊ဘယ်လိုသူဖြတ်

ကွန်ယက်သမုဒယ၊တူးစွသည့်အလွမ်း

ရှင်ခန်းဘယ်ပုံ၊လက်ခံကြုံတွေ့

ရင်ဆိုင်လေ့မလည်း၊အပူမစဲ

ရင်ထဲတိုးဝှေ့၊မပျော်မွေ့နိုင်

တမှိုင်မှိုင်တွေး၊ရင်၌လေးခဲ့.....။

 

ရှေ့ရေးရာမျှော်၊လက်တွဲဖော်မို့

ဝေးသော်မမေ့၊အလွမ်းပွေ့ပိုက်

နေ့ဆက်တိုက်မျှော်၊လကျော်နှစ်များ

အလွမ်းကြားနစ်၊စိမ်းကားဝံ့လျှင်

သမုဒယလွင်ပြင်၊သံယောဇဉ်တရား

စိမ်းရောင်သား၍-

                        စိမ်းစကားကိုဆိုပါ ခင်...။                               

ရင်၏စေရာ

ရင်ရယ်လေ.....

ညလည်းညမို့၊နေ့လည်းနေ့ခါ

ကာလကြာကြာ၊တည်လာရစ်ချည်

အလွမ်းမည်ရိပ်၊တမ်းတစိတ်ကို

ထွေးပွေ့ပိုက်နမ်း၊ချော့မြူမှန်းဆ

ရှိတက်လှသည်၊တစ်ခါစီကို.....။

 

ယာယီမဖြစ်၊ကြာရှည်ဖြစ်တည်

တေးသီသမုဒယ၊ယုယုယမွေး

ဝေဒနာဆွေးကို၊မေ့ဆေးမဖော်

နှလုံးပေါ်တင်၊ကြေးမှုံပြင်သို့

မျက်တောင်မခက်၊ကြည့်နေတက်ပြန်၊

ဆက်ဆံအလွမ်း၊ဖန်အိမ်နန်းဖွဲ့

သူ...ထားရက်ခဲ့သည်---

ကြာပြီကာလ၊နေဝေးဘ၀တို့......။

 

ဆွေးသမျှကို၊ကဗျာဆိုမော

ရာသီတောထ၊အဝေးကနေ့

ပြန်အောင့်မေ့ရင်း၊မိုးစင်စင်လင်း

ညခင်းအသင်္ချေ၊ကုဋေနေ့များ

မျက်ရည်ကြားနစ်၊စိမ်းကားဝံ့သူ

တွေးစူဗျာဒ၊ရင်နွမ်းလျမို့

ပြောပြဖိုပင်၊မ၀ံ့ချင်ဘူး

                     ရင်ခွင်ဦးမို့ ရူးမတက်ထင်...။                              

မျက်ရည်

ပျော်စေချင်ပါတယ် ချစ်သူ
အဖော်မင်သူချင်း စည်းခြား
ဝေးကွာတဲ့မိုင်တွေကြားမှ သက်သေ
မင်း မြင်နိုင်စေရည်စူးရဲ့။

တားနေလျှက်
မသုတ်မိခဲ့တဲ့မျက်ရည်
အဝေးကိုမျှော်နေတဲ့ မင်း
ပူပါစေမရည်ညွှန်းပါဘူး
စကားတစ်ခွန်းအတွက်သက်သေ
"လွမ်းနေတယ်"ဆိုတာကိုပြဖို့
ပါးပြင်ပေါ်ပို့လိုက်မိတယ်
စီးလျှက်ပါပဲကွယ်.........။

မျှော်လင့်ခြင်းရောင်ခြည်

လင်းပါတော့ကွယ်
နေ့သစ်များစွာ
မျှော်ရဖန်များ
နှလုံးသားလေး
အလွမ်းဆွေးကြောင့် မောလှပြီ......။

မင်းပျော်သလို

ပျံသန်းဖို့ ဟန်ကိုပြင်
အဝေးမှာ နင်ပျော်ပါ့မလား - ?
ပျော်မယ်ထင် ထွက်သွားလေ
နှလုံးသားတွေ ဘယ်သို့ဖြစ်
နေပျော်ရစ်မည် တစ်ယောက်တည်း။
အလွမ်းလည်း ဖန်စေဖန်
အဆွေးပဲ ရလိုရ
"ထာဝရ"တည် နှလုံးသား
အမုန်းတရားမရှိပါ ချစ်သူ။
ကြည်ဖြူစွားလက်ခံတွေ့
ဝဋ်ကြွေးမကျေသရွေ့ပေါ့
ခါးစီးခံပေးဆပ်
ကျေနပ်နေပါ့မည်........။

ရင်ဝေးတဲ့ ဘ၀များ

ရေပေးကြပါ
သူတို့တွေရဲ့ဘဝ
ဝမ်းမ၀ရုံ မဟုတ်
မေတ္တာပါ ငုတ်နေလို့....။
အစာကြွေးကြပါ
သူတို့တွေရဲ့ ဘဝ
ခါးမလှရုံ မဟုတ်
ကရုဏာပါ ပြုတ်နေလို့....။
အ၀တ်တန်ဆာ ပေးကြပါ
သူတို့တွေရဲ့ ဘဝ
ခါးသီးလှတဲ့ ဇာတ်ရုပ်
ဖုံးအုပ်စေဖို့.......။
ရင်နှင့်ခံစားပေးကြပါ
စေတနာများစွာအားဆေး
သူတို့တွေ နွေးထွေးဖို့....။
ကြက်သားအုပ်မတစ်ကောင်လို ခွန်းအား
မွေးဖွားပေးကြပါ
ကျွန်ုပ်တို့ကမ္ဘာ အလှဖြာစေဖို့......။
ကဲ...စုထားစို့ ရင်ဘတ်တွေ
ရင်ဝေးဘ၀တွေ လှပ
ကျွန်ုပ်တို့ လူသားပီသကြအောင်လားဗျာ.....။

ရင်ခွင်ဟောင်းသို့

တန်ဆောင်တိုင်“လ“
သာတဲ့ညရဲ့ အခင်းကျင်း
ကောင်းကင်တလင်းမှာ
ဆေးပေါင်းခလို့.......။

ပြောပြဖို့မစွမ်းသာခဲ့ဘူး
ချစ်သူ...မင်းအနားမရှိဘူးလေ။

ရင်းထားခဲ့တဲ့ အလွမ်းတွေ
ရင်မှာဝေ အချိန်မှန်နှိပ်စက်
ဆုံမှတ်ရက်က ခပ်ဝေးဝေး
နေရာဟောင်းမှာပဲ ထိုင်ဆွေးခဲ့ရ။

မြင်နေကျ ပုံရိပ်တွေပါပဲ
ငွေသောင်ယံမှာ ဘော်ငွေဖွေးဆဲ
စေတီထံမှာ ဆည်းလည်းရှိုက်ဆဲ
ဝမ်းထဲလှိုက်တက်လာတဲ့ တမ်းတစိတ်
ချစ်သူရယ်......
ချော့သိပ်ရင်းပြန်ခဲ့ရ။

အပြန်လမ်းမှ ရှု့ခင်း
လရောင်ကြောင့် ရှင်းနေတယ်
 ဒါပေမယ့်.......
(...အရင်လို...)
          စိမ်းလန်းခြင်းတော့ မဲ့လို့......။           

Wednesday, November 28, 2012

နောက်ဆုံးမြေ

အားလုံးသွားရမှာပဲလေ

ဒီနေရာ......

ဘယ်သူများ ရှောင်ဝေးလည်း ။

အကာတွေအကုန်မွဲ

ဗလာနဲ့ပဲလေ

ငါတို့ ရောက်လာခဲ့ကြ

ဒီလောကထဲ ၊
နောက်ဆုံးတော့လည်း
အတူတူပါပဲလား
အကာခွါ ဗလာနဲ့ပြန်
ကြည့်စမ်း.....
နားခိုစရာ ကွက်လပ်တောင်ကျန်ပါ့မလား -?
ယူထားလိုက်ကြသည့်နေရာတွေ
မှတ်တိုင်တွေ စီလို့...........။


ဓမ္မဒဿန



ဓမ္မအတွေးအမြင်များ



ဝေဒနာ

နေသာစဉ်ခိုက်
နေနှင့်လိုက်၍
နေ့ရက်တိုင်းမှာ ဝေဒနာ။

လသာစဉ်ခိုက်
လနှင့်လိုက်၍
ညဘက်တိုင်းမှာ ဝေဒနာ။

လမှောင်စဉ်ခိုက်
ညနောက်လိုက်၍
အိပ်မက်တိုင်းမှာ ဝေဒနာ။

ရင်စေရာနွမ်း၊ဘ၀လမ်းပေါ်
လက်တွဲဖော်မဲ့၊အလွမ်းနဲ့လေ
အဆွေးပေကျံ၊နှလုံးသားထံ၌
သူလာတိုက်၍ နာကျင်ဆဲ....။

ကြည်ညိုဖွယ်ရာ ပြည်မြန်မာ






ဆောင်းနှင်း

အုံ့အုံ့ဆိုင်းဆိုင်း

ပြာရီမှိုင်းဝေ

မြေပေါ်ကြွေလျှက်

သစ်ကိုင်းထက်ခို

အိမ်မိုးပေါ်ယှက်

ဖွေးလတ်စိုင်ခဲ

တဖန်ကျဲရေ

စိမ့်လျှက်စွေသည်

ဟေမာန်ဆောင်းလ

                    သူ့...သဘာဝမို့ ။                       

မျှော်လင့်ခြင်း

မျှော်လင့်ခြင်းအတွက်

လင်းလတ်မည့် အလင်းရောင်

ကမ်းကိုတောင်မြင်နေရပြီ ။

 

မင်းကတော့ အဝေးစီမှာရှိနေဆဲ၊

ပုံရိပ်တစ်ခုနဲ့ပဲ

ငါ့အလွမ်းကို ငါဖြေ

မုန်တိုင်းတွေကင်းပါစေ ဆုတောင်းရဲ့။

 

ဆုံတွေ့မနက်ဖန်ဆိုတာ

ငါ့အတွက်.....

ဘယ်နံရံမှာရှာရမှန်းမသိ

ကမ်းကိုကြည့်ပြီး ငါဆွေးနေတယ်

အလင်းရောင်လေးရယ် ရှာပေးပါ

သူနဲ့ ဆုံခွင့်ရမည့် မနက်ဖန်ဆိုတာကိုပေါ့.......

မြန်မာနိုင်ငံတွင်းမှ ဘုရားစေတီ




လက်ဆောင်

အမှတ်တရတစ်ခုအတွက်
စိုက်ခဲ့မိတဲ့သစ်ပင်
လွမ်းတိုင်းအရိပ်ဝင်ခိုမိတယ်။
အတိတ်ရွက်ဟောင်းတွေက
တလွင့်လွင့်ကြွေလို့.......။

မေ့မရခြင်းတစ်ခုအတွက်
တူးစွမိတဲ့မြေဆီလွှာ
လွမ်းတိုင်းခြေရာချမိတယ်။
ခြေကုတ်မြဲတဲ့ သံယောဇဉ်တွေ
အမြစ်စွဲထင် ရှင်သန်နေလို့.....။

သတိရခြင်းတစ်ခုအတွက်
ဖွင့်ဖတ်မိတဲ့စာမျက်နှာ
လွမ်းတိုင်းမျက်နှာအပ်မိတယ်။
ရုပ်ကြွင်းကျန်စကားလုံးများ
မျက်ရည်အိုင်ကြားနစ်လို့.....။

အမှတ်တမဲ့ပါပဲ
ဆက်သွယ်မှုကြားက အထိန်းအမှတ်
ပေးအပ်ဖူးတဲ့ အထင်ကရနေ့များ
ခုတော့.......
ရွက်နုတွေတဖားဖားနဲ့
နှလုံးသားကိုသိမ်းထားဖို့
ကြိုးစားနေကြတယ်.....။

ကဗျာဆရာ

  
ကာရံတစ်စုကိုအသက်သွင်းပြီး
ကိုယ်လိုရာကို တွန်းနေမိတာပါ။
တစ်ခါတစ်ရံမှာ
ဂန္ထ၀င်ဆန်စွာအလွမ်းကိုဖွဲ့
ဇာတိမာန်နဲ့အခြားများစွာ
ရင်ဘတ်ထဲရှိတာကို ချပြမိ၊
အချစ်၏မပြည့်စုံခြင်းကိုလည်း
ကျနော်ရေးမိတာပဲလေ၊
ပြီးတော့.......
ဘ၀တစ်ခု၏လိုအပ်ချက်
ကွက်လပ်မဲ့နှလုံးသားများအကြောင်း

 ရေအကြောင်း,မြေအကြောင်း
သဘာဝခေါင်းလောင်းကို ကျနော်ထိုးမိ
ရိုမတ္တစ်ဆန်တဲ့အတွေးကိုလည်း
ကျနော်...ဖွဲ့ဆိုခဲ့ဘူးပါတယ်။
ရင်ခွင်မယ်
နှလုံးသားကခံစားနားလည်နေသရွေ့ပေါ့ 

ဟုတ်ကဲ့.....
ကျနော် ရေးနေမိဦးမယ်ထင်ပါတယ်.....။

အဖြူရောင်ရင်ချည်ကြိုး


စွယ်တော်ဘာတော့သမေဆန်ပါဘူး
ဒါပေမယ့်........
အမှီသဟဲတစ်ခုအဖြစ် အတူရှိ
ခံစားဖော်ညှိဖြစ်ခဲ့ကြ....။

နားလည်ခြင်းကြိုးတစ်ချောင်းနဲ့ပါပဲ
အဆိုးအကောင်းတွေကို ထုဆစ်
ဘ၀ကိုရွတ်လွှင့်နေမိ၊
သူမရှိလို့မဖြစ်တဲ့အရာတွေ
ကိုယ့်မှာလည်းတစ်လှေကြီး
သူလည်းကိုယ်လို တစ်ထွေးကြီးလေ
မရှိမဖြစ်အရာတွေနဲ့ တည်ဆောက်
စည်းစောင့်ခြင်းနဲ့တစ်ခါချုပ်တည်း
သံယောဇဉ်ကြီးခဲ့ကြ.....။

အပြီးသက်ဘဝ
မတူညီတဲ့ဆုံမှတ်ကိုယ်စီရှိနေကြပေမယ့်
ပေစ္စက္ခတွေရဲ့နေ့
ကျနော်တို့.....
အားလုံးကိုမေ့ထားကြတယ်.....။

မဆုံးတဲ့သံသရာနဲ့နေ့ရက်
နောက်ဘ၀တွေဆက်စေပေါ့
ရင်ချင်းဆက်နေတဲ့ ဒီကြိုး
ဖြတ်ဖို့လွန်းတွေအတော်ဆွေးရဦးမှာပဲ
ဒီတော့.....
"ဥပါဒါန်"လို့ပဲ ဆိုစေ
ကျနော်တို့ ရင်ဘတ်တွေ
ခုထိ အစွဲတွေကြီးနေတုန်း......။

သစ္စာတိုင်

သံယောဇဉ်
နွယ်ငင်လို့ရစ်ပတ်
အခန်းဆက်နဲ့ အလွမ်း
မျက်ရည်စမ်းမှာ "ကြွေ"။

ရစ်တိုးအစဉ်
ရင်ကြိုးငင်လို့ အမေ့ခက်
နေ့ရက်ဆက် အလွမ်း
သမုဒယလမ်းမှာ "ကြွေ"။

ဝေဒနာ
အချိန်မှန်လာနှိပ်စက်
အအိပ်ပျက်တဲ့ညချမ်း
အိပ်မက်နန်းမှာ "ကြွေ"။

မဖြေသာ
ရင်စေရာလှည့်ပတ်
ဆွေးရက်ဆက်ကျွမ်း
နှလုံးသားလမ်းမှာ "ကြွေ"။

ရွက်ခြောက်စေ
တံလျှက်တွေ အနေရဲ
နွေမှာလည်း "ကြွေ"။

စိုပြေမှုတို့ဝေ
ဝန်းကျင်စေ ဖြန့်ကျဲ
မိုးမှာလည်း "ကြွေ"။

နှင်းစက်ကိုခြွေ
မြူမှုံတွေ စိုင်ကျဲ
ဆောင်းမှာလည်း "ကြွေ"။

မမေ့ရက်ပေ
အတွေ့ခက်စေ ပူလောင်ကဲ
ရွှေရင်ပဲ ကွဲစေကွဲ
မျက်ရည်ပဲ ရွှဲစေရွှဲ
လွမ်းနေလဲ သဲသဲလှုပ်
ငိုရင်လဲ ရွှဲရွှဲစို
သယ်သူဆို ပိုတယ်ပြောစေပေါ့
ရင်ကိုကော့ အသဲမနာတယ်
"သစ္စာ"တကယ် တည်နေတုန်း
                        ဘယ်တော့မှ မမုန်း.........။                      ။      

တန်ဆောင်တိုင်

လစန္ဒာ ယုန်ရေးလို့

ခြုံပေးဝတ်ရုံ

ညဥ့်မှာလှုံ

စုံပေသည့် ကြယ်ခင်း.....။

 

မီးပုံးပျံလေဟုန်စီး

ဝေဟင်ခရီး ၀ဲပျံ၊

နတ်ရ်ထံ စူဠာမနိ

ပူဇော်သည့်ဟန်၊

နှစ်,ရက်မှန်

ပွဲခံသည့်ရှုခင်း.....။

 

လတန်ဆောင်တိုင်

ဆီမီးမြိုင် ထိန်ထိန်လင်းတယ်

ရိုးရာ့ရှုခင်း......။   



ရည်ညွှန်း ။              ။
                         တောင်ကြီးနှင့်ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်များသို့              ရည်ညွှန်းဖွဲ့သီပါ၏......။

တုန်လှုပ်ခြင်း

လေပြေအဝေ့

နှင်းအဝှေ့မှာ

လွင့်၍လာသော ပန်းတစ်ပွင့်။

 

နေခြည်အပွေ့

နှင်းအသွေ့မှာ

တင့်၍သာသော ပန်းတစ်ပွင့်။

 

လမ်းသင့်၍ ခဏကြုံ

မြင်ကွင်းပုံ ခြားနား

စိတ်အာရုံကို ဖမ်းစားခဲ့။

 

ထိုအခိုက်တန့်

ဖြတ်ကတည်းအတွေးဝင်

သခါင်္ရကို ဆင်ခြင်မိ၊

အနိစ္စ = အမြဲမရှိ ။

ဒုက္ခ = ဆင်းရဲ၏ ။

အနတ္တ = အစိုးမရ ။

သြော်...ငါလည်းတစ်နေ့ကျ

(...ဤပန်းနှယ်...)

ဝေသမျှ ကြွေရဦးမည်းတကား.....။       

Tuesday, November 27, 2012

မြန်မာမလေး


အရိုးပေါ် အယဉ်ဆင်

ပေါ်လွင်တင့် သူ့ဟန်။

မြန်မာဆန်ကျော့ကျော့ရှင်း


ကော့ညွတ်သွင်း မျက်သွယ်

အလှတကယ် ယဉ်ပေ့၊

မြင်တွေ့ရ စိတ်ကြည်တယ်

မြန်ပြည်မယ် သူမွေး။

ခင်လေးငဲ့ ပျိုမဒီ

အတုမှီလို့ဝတ်စမ်း။

တို့ပြည်တစ်ခွင်

တင့်ဆန်းလို့အေးကြည်ဖွယ်

ဘိုးမွေမို့ကွယ်လေး.......


ရင်ထဲရှိသလို


အစဉ်တကျတော့ ရှိမယ်မထင်ဘူး...

ရင်ထဲရှိသလို ထွက်လာခဲ့ရတဲ့

သံစဉ်မဲ့စကားလုံးများ

မုသားမပါတာတစ်ခုပဲ

ကျနော် ပြောထားနိုင်တယ်လေ...။


ရင်ဘတ်တွေတောင် လက်မြောက်လို့

စည်းမစောင့်တဲ့ ဒီအလွမ်း

ဇာတ်သိမ်းခန်းမဟုတ်ပဲ ၀င်က

ထင်ထားသမျှအကုန်လွဲတယ်...။


တင်းထားတဲ့ကြားက

ညှို့ချင်လာတဲ့ မျက်ဝန်း

တက်နင်းထားတာတောင်

ခေါင်းကထောင်လို့လေ...။


တမန်တွေအထပ်ထပ်ဆယ်ဘူးရဲ့

ရင်ကွဲတာပဲ အဖတ်တင်တယ်။


ပါတ်သတ်ချင်သလိုမဖြစ်တဲ့ ပါတ်ဝန်းကျင်

အတင်းဝင်လာတဲ့ ဒီအလွမ်း

ကျောခိုင်းတမ်း ဆော့ကစားခွင့်

လွယ်လွယ်နဲ့မဖြစ်တဲ့ အခြေနေပဲ။


ရွာနေဆဲပါ မိုးတွေ

မျက်ဝန်းတစ်ခို ညှို့မှိုင်းညိုလို့

ပြောသလို မဖြစ်ခဲ့ပါဘူး

ပါးပြင်က.......

ရာသီဥတုပြောင်းလဲမှုကို

အသိမှတ်မပြုသေးဘူးလေ....။


အင်း...ဒူးနဲ့သုတ်နေရတဲ့ မျက်ရည်တွေ

နှလုံးသားကို ခင်တွယ်နေသမျှ

ကျနော်....ဘယ်တော့ လွတ်လပ်မယ်မသိရသေး

ခုတော့....လွတ်လပ်ရေးမဲ့ နှလုံးသား

(...ကျနော့်ရင်က.....)

အလွမ်းကို ခုခံနိုင်အားနည်းတုန်း.....။



ဘုရားပုံတော်လေးပါ



သူငယ်ချင်းပုံများ



ဗန်းမော်တင်အောင်၏နောက်ဆုံးစကား

တိုင်းပြည်နဲ့လူမျိုးအပေါ် 

မင်းဘယ်လောက်တာဝန်ကျေခဲ့သလဲဆိုတာ

မင်းဖြတ်သန်းလာတဲ့

ခေတ်စနစ်ရဲ့သက်ရောက်မှု့ထဲ

မင်း ဘယ်လောက်ပါဝင်ပါတ်သတ်ခဲ့ဖူးလဲဆိုတာနဲ့

 တိုင်းတာရလိမ့်မယ်. . . .။

 

                                                           (ဗန်းမော် တင်အောင်) 

 

ကြုံကြိုက်ခဲ့ရ ခဏငယ်ဘဝ


             ရောင်နီသည် အရှေ့လောကဓာတ်စီမှ ပြူတင်းဖွင့် လင်းလတ်၍ စက်ဝန်းသဏ္ဍာန်ဟန်ဖွဲ့လျှက် နှင်းနံရံကိုတိုးထွက်နေချေပြီ။
အရှေ့တောစပ်စီမှ အိပ်တန်းထ ငှက်တသိုက်တို့ကလည်း ၀မ်းစာရှာခရီးနှင်ဖို့ အသင့်။ စီစီညံ လင်းကြက်တို့၏ တွန်သံတို့က ကျေးလက်၏
နံနက်ခင်းကို ကြိုဆိုလို့...။ ရွာဦးမှ ကြေးစည်သံသဲ့သဲ့ကိုလည်း ကြားနေရသည်။ ထိုကြေးစည်သံ၏ နောက်တွင် ငြိမ်သက်သော စက္ခုနြေ္ဒကို
ကိုယ်စီချ၍ ရွာအတွင်းသို့ အရုဏ်ဆွမ်းအလို့ငှာ လှည့်လည်လာသော ဦးပဉ္ဇင်း ကိုရင်များကို တွေရပေလိမ့်မည်။
         ဤသည်ပင် ညောင်ပင်လှ ရွာလေး၏ ဆေးသားပီ နံနက်ခင်း ပန်းချီကားလေး တစ်ချပ်ပင်ဖြစ်သည်။
                                              -----------------------------------------------------------------------------------------
             ပေါက်စသည် ထန်းခေါက် ပလိုင်းကိုလွယ်၍ အိမ်အတွင်းမှထွက်လာ၏။ သူ၏ခါးတွင် လက်သုံးတော် ဓားမတိုက ကန့်လန့်ဖြတ်ထိုးလျှက်။
နှီးဦးထုပ်ကို ခပ်ငိုက်ငိုက် သူဆောင်းထားသည်။ သူ၏အဖွား ဖွာလေးမြ ယက်ကန်းစင်ကျ ဖျင်းကြမ်းပုဆိုး အစိမ်းကွက်တစ်ထည်က သူ၏ ခါးတွင်
အခန့်သား နေရာယူထားသည်။ တုတ်ခိုင်သန်မာပြီး ကြေးနီရောင်သန်းနေသော သူ၏ ခန္ဓာကိုယ် အပေါ်ပိုင်း၌ ဖျင်ကြမ်းတီရှပ် အစင်းကြားခပ်ထူထူ
တစ်ထည်ကို ၀တ်ဆင်ထားလေသည်။ သေချာပါပြီ ပေါက်စ တောသို့ဝင်တော့မည်။ ဤသည်ပင် သူ၏ နေ့စဉ် နိစ္စဓူဝ ကျင့်ဝတ်တစ်ခုပင်။
                                                ---------------------------------------------------------------------------------------
            ပေါက်စသည် ဤညောင်ပင်လှရွာ ဇာတိချက်မြုတ်ဖြစ်လေသည်။ သို့သော် သူ့တွင် ခင်မင်တွယ်တာရာဟူ၍ ဤညောင်ပင်လှ၌ သိပ်များများစားစား မရှိ။
သူ၏ အဖွား ဖွားလေးမြနှင့်ရွာတောင်ဝိုင်းက သူကြီးသမီး မြလေးငုံ တို့သည်သာ သူ၏သံယောဇဉ်ကမ္ဘာလေးများအဖြစ် ဤရွာ၌ရှိကြ၏။
ပေါက်စ၏ အဖေ ဦးညိုမောင်သည် ဤညောင်ပင်လှ ဇာတိမဟုတ်ချေ။ သူ၏အမေ ဒေါ်အေးမေ တွင်လည်း မွေးချင်းပေါက်ဖော်မရှိသလို သူသည်လည်း
တစ်ကောင်ကြွက်ပင်ဖြစ်၏။ပေါက်စ၏မိဘများသည် ပေါက်စငယ်ငယ်ကတည်းကဆုံးပါးသွားခဲ့ကြလေသည်။
သူအမေ ဒေါ်အေးမေ၏ မိခင် ဖွားလေးမြ ကပင် ပေါက်စကို လူလားမြောက်အောင် ပြုစုစောင်ရှောက် မွေးမြူပေးခဲ့ရ၏။
ခုတော့ ပေါကသည်ပင် အသက် တစ်ဆယ့်တင်းတင်းသို့ချဉ်းနှင်းဝင်ရောက်ခဲ့လေပြီ။
                                                   ----------------------------------------------------------------------------------------
          ဖွားလေးမြသည် မုဆိုးမ အမယ်အိုတစ်ဦးဖြစ်သည်။ မဖြစ်စလောက် ယက်ကန်းရုံလေးနဲ့ ပေါက်စကို လူလားမြောက်အောင် 
ပြုစုစောင့်လျှောက်မွေးမြူထားခဲ့ရသည်။ ထို့ကြောင့် ပညာအမွေဟူ၍ ပေါက်စကို လုံလုံလောက်လောက် ပြည့်ပြည့်စုံစုံ မပေးနိုင်ခဲ့ပေ။
ရွာဦးကျောင်း ဆရာတော် အထံ၌သာ သင်ပုန်းကြီး သုံးခေါက်ပေါက်မျှ ပေါက်စ ပညာသင်ခဲ့ဘူးလေသည်။ ဒီတော့ ပေါက်စ သေစာရှင်စာ
ဖတ်တက်ရုံမှတပါး အခြားမယ်မယ်ရရ စာမဖတ်တက်ပေ။ ရွားဦးကျောင်း ဆရာတော်ကတော့ ပေါက်စကို ဆက်လျှက်ပညာသင်စေရန်တိုက်တွန်းသေး၏။
သို့သော် ဖွားလေးမြလို ကိုယ်ခွဲမရှိ စီးပွားရေးတောင့်တောင့်ခိုင်ခိုင်မရှိသူအဖို့ ပေါက်စကို ကျောင်းဆက်ထားဖို့ဆိုသည်မှာအိပ်မက်ဖြင့်သာ ပြီးဆုံးခဲ့ရလေသည်။ ဖွားလေးမြစိတ်ထဲတွင်တော့ သောကကြီးစွားဖြစ်ခဲ့ရလေ၏။
                                                -------------------------------------------------------------------------------------------
         လွန်ခဲ့သောသုံးနှစ်လောက်ကတည်းက ဖွားလေးမြ ကျန်းမာရေးချူချာလာသည်။ ဇရာ တရားနှင့်စိန်ခေါ်တိုက်ခိုက်မှုမှာ ဖွားလေးမြ ကျရှုံးခဲ့ရလေ၏။
ယက်ကန်းစင်၌ အထိုင်အနေများခဲ့သည်တို့ကလည်း ဖွားလေးမြ၏ ဗျာဓိတရားကို ဖိ၍နှိပ်စက်လေပြန်သည့်အခါ ဖွားလေးမြ မဟန်နိုင်တော့ပါ။
ဒီတော့ အိမ်၏ စားဝတ်နေရးနှင့်မိမိတို့မြေးအဖွား အသက်ရှင်နေထိုင်နိုင်ရေးတို့သည် ပေါက်စ ခေါင်းပေါ်သို့ ကျရောက်လာခဲ့လေတော့၏။
ပေါက်စ ထိုင်နေ၍မဖြစ်တော့။ ပြေးကြည့်မှ ဒီမြေးအဖွားနှစ်ယာက်သာ ရှိသည့်မိသားစု၌ ဖွားလေးမြအတွက် ဆေးဝါးစရိတ်နှင့်မိမိတို့မြေးအဖွား ၀မ်းတစ်ထွာမီးငြိမ်းစေဖို့အရေး
ပေါက်စ အလုပ်လုပ်မှ ဖြစ်တော့မည်။ ပေါက်စ ဘာအလုပ်ကိုလုပ်မည်နည်း။ သူတွေးသည်။ "ငါ ဘာအလုပ် လုပ်သင့်သလဲ၊ဘယ်အလုပ်ကိုလုပ်ရင် အစဉ်ပြေမလဲ'"ဟူ၍ ဖြစ်သည်။
                                            -------------------------------------------------------------------------------
            လယ်ယာကိုင်းကျွန် ဟူ၍ လက်ညှိုးညွှန်ပြစရာ ဆီးရွက်လောက်မျှ မြေပထဗျာမရှိသောပေါက်စအဖို့ အခြားသူများနည်းတူ မိရိုးဖလာ တောင်သူလုပ်ခွင့်မရ။
လုပ်စရာလည်းသူ့မှာ မရှိ။ တစ်ခါ သူတစ်ပါး ယာသူရင်းငှား လုပ်မည်ဆိုတော့လည်း ပေါက်စအဖို့မဖြစ်နိုင်။ သူ့မှာ ဖွားလေးမြကို စောင့်ရှောက်ရန် တာဝန်ကရှိသေးသည်။
ပြိးတော့ ဤအရပ် ဤဒေသ၌ သူရင်းငှားလုပ်ရသည်ကလည်း ထင်သလောက်မလွယ်ကူလှပေ။အချိန်ပြည့်ယာတော၌သာအနေများ၏။
ပေါက်စလိုကိုယ်ခွဲမရှိသောသူတစ်ယောက်အဖို့ ပိုလို့ပင် မဖြစ်နိုင်ချေ။ သူ သူရင်းငှားလုပ်လျှင် ဖွားလေးမြကို မည်သူစောင့်ရှောက်မည်နည်း။ ဒါကို ပေါက်စ တွေးသည်။
အခြားအခြားသော တောက်တိုမရအလုပ်ကို လုပ်မည်ဆိုကလည်း ပညာမတက်သော ပေါက်စ မတွက် အခက်ပွေခဲ့ရပြန်သည်။
ထိုအလုပ်တွေကလည်း "သူတို့ မြေးအဖွားအတွက် ဆေးဖိုးဝါးခနှင့်ဝမ်းစာကို မျှအောင်း ချိန်ခွင်လျှာ ထိန်းပေးနိုင်မည် မဟုတ်"ပေါက်စ မြင်သည်လေ။
ထိုသို့ တွေမြင်ခြင်းနှင့်အတူ လက်ရှိသူလုပ်ကိုင်နေသော အလုပ်သို့ ပေါက်စကို တွန်းပို့လိုက်သလိုဖြစ်ချေတော့၏။
ပေါက်စသည် တောလည်၍ ဟင်းသီးဟင်းရွက်ခူးခြင်း မျစ်ချိုးခြင်း ပျားအုံများကိုလှည့်လည်ရှာဖွေ၍ ပျားဖွတ်ပျားရည်ထုပ်ရောင်းခြင်း အလုပ်တို့ကို လုပ်ကိုင်ခဲ့လေ၏။
မဆိုးပါ ထိုအလုပ်သည် ပေါက်စ မျှော်မှန်းသော အိမ်စရိက်ကို ကောင်းစွားဖားထေးနိုင်ခဲ့ပါသည်။ သို့သော် ပေါက်စသည် ဟင်းသီဟင်ရွက်ခူးခြင်း မျစ်ချိုးခြင်း
အလုပ်တို့ကို အပရိကလောက်သာလိုပ်၍ များသောအားဖြင့် ပျားဖွတ်ခြင်းကိုသာ အင်စိုက်အားစိုက် လုပ်ကိုင်လေ၏။ ထိုအလုပ်သည် ပေါက်စ အတွက် ၀င်ငွေမျိုးမျိုးမြတ်မြတ်ရစေ၏။
                   စင်စစ်ပေါက်စသည် ပျားမုဆိုးတစ်ဦး ဟူ၍ ဆိုရပေမည်။
                                              -----------------------------------------------------------------------------------
                  သဘာဝပျားရည်သည် ရှားပါးပြီဒဆေးဘတ်ဝင် ပစ္စည်းတစ်မျိုးဖြစ်လေသည်။ ထို့ကြောင့် သဘာဝပျားရည်ကို လူတို့မက်မက်စက်စက်ရှိကြသည်။
တန်ဖိုးလည်းထားကြ၏။ ဈေးကြီးလည်း ပေးပြီးဝယ်ယူလေ့ရှိကြသည်။ ယနေ့ ဒီဘတ်ခေတ်၌ ပျားရည်စစ်စစ် ရရန်မှာ အင်မတန်ပင်ခက်ခဲ၍ လာချေသည်။
ပျားရည်စစ်စစ် ရဖို့ရန်လည်း မလွယ်ကူလှပေ။ တစ်လီတာမျှ ပုလင်းသေးသေးတစ်လုံး ပြည့်ဖို့ပင် အတော်စုယူရလေ၏။ ဤအရပ် ဤဒသတွင်လည်း ပျားရည်စစ်စစ်သည်
ရွှေဈေးကဲ့သို့ ဈေးကောင်းလှပေသည်။ ဒါကို ပါက်စ သဘောပေါက်သည်။ ထို့ကြောင့် သူ့အတွက် ပိုမိုတွက်ချေကိုက်သော ပျားမုဆိုး အလုပ်ကို သဲသဲမဲမဲ သူလုပ်ကိုင်နေခြင်း
ဖြစ်လေသည်။
             ဒီနေ့မနက်လည်း တောင်ခင်တန်းသို့ ပျားရှာတက်ရန် သူထွက်လာခဲ့ခြင်းဖြစ်ပေသည်။
                                            -----------------------------------------------------------------------------------
               ထန်းခေါက်ပလိုင်း၊ဓားမတို၊နှီးဦးထုပ်၊ဖျင်ကြမ်းထည်တိုနှင့် ပေါက်စ၏ ဟန်သည် တကယ့် ပျားမုဆိုး အကြီးစားနှင့်ပင် တူလှပါသည်။
သူ၏ပလိုင်းထဲတွင် မီးခြစ်၊ရေဗူး၊ထမင်းထုပ်နှင့်နှမ်းရိုးဆုပ် အနည်းငယ်တို့ကို ထည့်ထားသည်။ ပုခုံပေါ်၌ လိုအပ်က အသုံးပြုရန် ဖျင်ကြမ်းပုဆိုး အဟောင်းတစ်ထည်လည်း
ပါသေးသည်။ ဤပစ္စည်းတို့သည် ပျားမုဆိုး တစ်ဦးအတွက် မပါမပြီး မရှိမဖြစ် အခြံအရံ ကိုယ်ပွားများပင်ဖြစ်သည်။ ပျားအုံတွေ့ရှိက နှမ်းရိုးဆုပ် အနည်းငယ်ကို မီးရှို့မှိုင်းတိုက်၍
ပျားကောင်များကို မောင်းထုပ်မည်။ ပြီး ပျားကောင်များ စင်မစင်ကြည့်၍ မစင်လျှင် ပါလာသော ပုဆိုးဟောင်းကိုခြုံ၍ ပျားအုံကို ဖွတ်ယူမည်။ ဤကား ပျားမုဆိုးတို့၏ လုပ်ငန်းခွင်
ပုံကြမ်းမျှဖြစ်သည်။ ဒီလောက်ပဲလား ။ မဟုတ်သေးပါ ။ ပျားအုံ အရင့်အနုခွဲခြားကြည့်တက်ရန်လည်းလိုသေး၏။သို့မှသာ ပျားရည်များများစားစား ထုပ်ယူနိုင်မည်ဖြစ်သည်။
ပျားနုလွန်းပြန်ရင်လည်း ပျားဥနည်းတက်သလို ရင့်လွန်းပြန်ရင်လည်း အကောင်ဖြစ်သွား၍ ပျားဥနည်းတက်ပြန်၏။ ပျားဥနည်းက ပျားရည် များများစားစား မရနိုင်ပေ။
တစ်ခါ တောအထာနှင့်ရာသီအလိုက် ပျားတို့ ကြိုက်နှစ်သက်တက်သော သစ်ပင်ပန်းမန်အမျိုးအစားကိုလည်း သိထားဖို့ လိုအပ်သေး၏။
ပျားမျိုးစိတ်နှင့်အုံကျင်းဖွဲ့တက်သည့် ဓလေ့သဘာဝကိုလည်း လေ့လာရသေး၏။ သို့မှသာ ကိုယ်လိုချင်သော ပျားအမျိုးအစားကို အလွယ်တကူ ရှာရနိုင်မည်ဖြစ်သည်။
              ပေါက်စသည် ဤပညာရပ်တို့ကို ရွာမြောက်ဝိုင်း  ကာလသားခေါင်း ကိုလှဆောင် ထံမှ တစ်နှစ်ကျော်ခန့်လေ့လာသင်ယူခဲ့ရလေ၏။ 
ခုတော့ ထိုပညာရပ်တို့သည် ပေါက်စကို ကောင်းစွားအကျိုးပြုနေချေပြီ။
                                         ------------------------------------------------------------------------------------------
              တောင်ခင်တန်း၌ ဆီးတောအလွန်ပေါ၏။ ဆီးပွင့် သရက်ပွင့်တို့ကို မယင်းပျားတို့ အတော်ခံတွင်းတွေ့လှသည်။ ထိုဆီးတော သရက်တောများ၌မယင်းပျားများကို များသောအားဖြင့် တွေ့ရလေ့ရှိ၏။ ခုလို ဆောင်းဦးပေါက် အချိန်လောက်ဆို ဆီးတန်းတို့၌ မယင်းပျားအုံတို့သည် ကောင်းစွားအုံဖွဲ့လေ့ရှိကြသည်။အရည်ကလည်းလဲ့မှလဲ့ပင်။ ဟိုတစ်နေ့က သူကြီးကတော် ဒေါ်လေးရုံက "မယင်းပျား တစ်ပုလငး ရချင်သည်"ဟု ပေါက်စကို မှာလိုက်လေ၏။ အမြန်ဆုံး ရှာပေးရနလည်းပြောလိုက်သေးသည်။
ဒီတော့ ပေါကစ မနေသာချေပြီ ။ တောင်ခင်တန်း ဆီးတောသို့ သူတက်ရလေတော့၏...။
                                      --------------------------------------------------------------------------------------------
                   ဤပျားမုဆိုးအလုပ်ကို ပေါက်စစတင်လုပ်ကိုင်မည် ဟု တွေးပြီး ကိုကြီးဆောင် အထံသို့ သွားရောက်အကူညီတောင်းစဉ်က ကိုကြီးဆောင်ပြောဘူးသည်။
ပေါက်စထံမှ ကတိလည်းတောင်းခံခဲ့သေး၏။
                    "  ကိုကြီးဆောင် ကျနော် ပျားမုဆိုး လုပ်မလို့ဗျာ 
                       အဲဒါ တက်ကောင်းတက်အပ်ရာလေးတွေ ခင်များစီက သင်ချင်လို့ ။
                       ဒီရွာမှာလဲ ဒီအလုပ်ကို ဇောက်ချလုပ်ဘူးတာဆိုလို့ အစ်ကိုပဲ ရှိမဟုတ်လား ။
                      ကျနော်ကို ကူညီဗျာနော် ကိုကြီးဆောင် "။
                    " ဟ ပေါက်စရ မင်းဘာစိတ်ကူးပေါက်သွားတာလည်း ။
                      ပျားဖွတ်တယ်ဆိုတာ လွယ်တယ်များ ထင်သလားကွ ။
                      အလွန်အင်မတန် အကုသိုလ် ကြီးတဲ့ အလုပ် မင်း ဘာမှတ်နေလဲ ။
                      ငါတောင် ဒီအလုပ်ကို စွန့်လွှတ်ခဲ့တာသာ မင်းကြည့် ။
                   '' ပျားဖွတ်၊၀တ်ထိုး၊မယားခိုး" တဲ့ မင်းကြားဘူးလား
                     သိပ်အကုသိုလ် ကြီးမာတဲ့ အလုပ်တွေပေါ့ကွ။
                     မင်း မလုပ်ချင်စမ်းပါနဲ့ ကလေးရာ "။
                   " အိုဗျာ ကိုကြီးဆောင်ကလည်း
                     ကျနော် အခြနေကို ခင်များ အသိသားပဲ။
                     ကျနော်မှာ အခြားလုပ်စရာ ဆိုလို့
                     ဒီရွာမှာ ဘာမှ မယ်မယ်ရရ မှ မရှိပဲ။
                    ပြီးတော့ ဖွားလေးကလည်း ကျန်းမာရေးမကောင်းဘူး။
                    ဖွားလေး ဆေးဖိုးဝါးခ၊ကျနော်တို့အိမ်စရိက် ဖာနိုင်တာဆိုလို့
                    ဒီအလုပ်ပဲကျနော်မြင်လို့ပါဗျာ။ မတက်နိုင်ဘူး အကိုသိုလ်
                   ဘယ်လောက်ကြီးကြီး ကျနော်တော့ လုပ်ရမှာပဲ ။
                   ဆုံးဖြတ်ချက်လည်း ချခဲ့ပြီးပြီ။ အဲဒါကြောင့်
                   ကိုကြီးဆောင်စီ လာတာပေါ့ ။ ကျနော်ကို ကူညီပါဗျာနော်"။
                  " တယ်ခက်ပါလား ကလေးရယ်။
                   အေးလေ မင်းမှာလဲ အခြားရွေးချယ်စရာ အလုပ်ကမရှိပြန်ဘူးဆိုတော့
                   ငါသင်ပေးလိုက်ပါမယ် ။ တစ်ခုတော့ မင်း ငါ့ကို ကတိပေးကွာ။
                   ဒီအလုပ်ကို မင်း 'ရေရှည် မလုပ်ပါဘူး' လို့ ။
                   ဘယ့်နှယ်လဲ။ ကတိပေးမလား "။
                  " ပေးတယ်ဗျာ"။
                  " ဟေ့ကောင်လေး လွယ်လွယ် မပြောနဲ့ကွ ။
                    ငါ အတည်မေးနေတာနော်"။
                 " ဟုတ်ကဲ့ပါ ကိုကြီးဆောင်ရာ ကျနော်
                   ဒီအလုပ်ကို ရေရှည်စွဲ မလုပ်ပါဘူးဗျာ
                   အတည်ပါ ။ ကျနော် ကတိပေးတယ်"။
                " အေး ဟုတ်ပြီ ဒါဆို မနက်ဖန် မင်း ဟင်းရွက်ခူးပြန် ငါ့စီ ၀င်ခဲ့ကြားလား"။
                " ဟုတ်ကဲ့ ကိုကြီးဆောင် ကျေးဇူတင်ပါတယ်ဗျာ"။
ဤသို့ဖြင့် ပျားမုဆိုး အတက်ပညာကို ကိုကြီးဆောင်အထံမှ ပေါက်စ သင်ယူခွင့် ရှိခဲ့ခြင်းဖြစ်လေသည်။ ကိုကြီးဆောင်သည်လည်း ပေါက်စကို ညီရင်းအစ်ကိုပမာ
အမြဲမပျက် စောင့်ရှောက်သွင် ဆုံးမပေးလျှက်ရှိဆဲပင်။ ပေါက်စသည်လည်း ကိုကြီးဆောင်စကားဆို တသွေမတိမ်းလိုက်နာလေ၏။ တစ်ခုပဲ ပျားမုဆိုး အလုပ်ကို
ခုထိ ပေါက်စ အစွန့်လွှတ်သေးခြင်းပင်ဖြစ်သည်။
                                                           -------------------------------------------------------------------------------------
                   နံနက် ဆွမ်းခံဝင်စဉ်ကတည်းက တောင်ခင်တန်းသို့ ပျားရှာတက်လာခဲ့သောပေါက်စ၊ ဆီးတောပင် နှံ့သလောက်ဖြစ်ချေပြီ။ မယင်းပျားမပြောနဲ့
မယင်းနဲ့တူတဲ့ ပစွတ်ပျားသေးသေးကိုပင် မတွေ့ရသေးချေ။ နေပင် ထန်းတစ်ဖျားကျော်၍ လူတစ်ရပ်ခန့် အနောက်အရပ်သို့ တိန်းခဲ့လေပြီ။ ပေါက်စကား ပျားအုံကိုရှာဖွေ
တွေ့ရှိခြင်းမရှိသေး။ လက်း၌တွေ့သမျှ လက်လှမ်းမှီရာ ကဆစ်၊ထောက်ကျန့်၊ကျီးအာ၊ကြက်လျှာ၊ဆူးပုတ်၊ကြောင်လျှာ စသည့် ဟင်းသီးဟင်းရွတ်တို့ကို ခူးလာခဲ့သည်မှာလည်း
သူ၏ပ လိုင်းတွင်း၌ပြည့်လုပြည့်ခင်ပင် ဖြစ်လေ၏။ လိုအပ်သော မယင်းပျားကိုကား ပေါက်စ မတွေ့သေး။ ရလည်းမရသေးပေ။ ဒီအတိုင်းသာဆိုလျှင် ဒေါ်လေးရုံကို အားနာစရာ
ဖြစ်ချေတော့မည်။ အထူးသဖြင့် မြလေးငုံ ။ သူမသည် ပေါက်စ ငယ်ကတည်းက တိတ်တခိုးတွယ်တာခဲ့သော သံယောဇဉ်ယာဉ်စွန်းတန်းလေးဖြစ်၏ ။
ပြီးတော့ သွားအတူ လာအတူ အစားအတူ ရှိခဲ့ဘူးသူ ။ သူနဲ့ဆုံတိုင်း ပေါက်စ ရင်ခုံသံတို့ မြန်ဆန်လေ့ရှိ၏ ။ တစ်ခါ မြလေးငုံသည် ဒေါ်လေးရုံ ၏ တစ်ဦးတည်းသောသမီး ။
သူမ မိခင် လိုချင်သောမယင်းပျားကို ရအောင်မဖွတ်နိုင်ကောင်းလား ဟူ ၍ သူ့ကို စိကောက်ချေလျှင် အခက်သား ။ မြလေးငုံ စိတ်ကောက်လျှင် ပေါက်စ မနေတက်ပေ ။
ချော့ကလည်း မချော့တက် ။မြလေးငုံ မိခင် လိုချင်နေသော မယင်းပျားကို မရမကရှာပေးချင်သော စိတ်များ ပေါက်စ၏ ရင်ထဲ၌ အစိုင်အခဲဖြစ်လျှက်ရှိသည်။
ထိုသို့ ရှာဖွေပေးခြင်းဖြင့် မြလေးငုံ ကျေနပ်နေလိမ့်မည်ဟုလည်း ပေါက်စ တွေးသည်လေ။ ခုထိတော့ မယင်းပျားကို မတွေ့သေးချေ။
                                              --------------------------------------------------------------------------------------------------------
                       နေပင်အတော်မြင့်ခဲ့လေပြီ။ ပေါက်စသည်လည်း မောပမ်း၍ ၀မ်း၌ဟာလာ၏။ ဒါနဲ့ နီးစပ်ရာ ဆီးပင်အရိပ်ကောင်းကောင်း အပင်တစ်ပင်အောက်သို့ဝင်လျှက် ပေါက်စ
အနားယူလိုက်ပြီး ပလိုင်းအတွင်းမှ ရေဗူးနှင့်ထမင်းထုပ်ကို ထုပ်ယူလေ၏။ ထိုနောက် ပေါက်စ လက်ကိုအနည်းငယ် ရေဖြင့်ဆေးလျှက်ထမင်းထုပ်ကိုသူဖြည်၍ တ၀စားလေသည်။
ထမင်းစားပြီး ရေဗူးမှရေကို တစ်ငုံနှစ်ငုံခန့်သောက်၍ ပေါက်စ တစ်ရေးတမောအိပ်ရန်ပြင်ဆင်လေ၏။ ပုခုံးပေါ်၌ အသင့်ပါလာသော ဖျင်းကြမ်းပုဆိုးအဟောင်းကို ဆီးပင်ခြေသို့
ပေါက်စ ဖြန့်ခင်းလိုက်သည်။ပြီးနောက် ခါးကြားမှ ဓားမတိုကို မြေပေါ်သို့ စိုက်လိုက်၏ ။ တစ်ခါ နှီးဦးထုပ်ကို ချွတ်၍ ပတ်လပ်အနေထားလှဲချလိုက်ပြီး ဦးထုပ်ကိုမျက်နှာပေါ်၌ အုပ်လိုက်သည်။ မျက်လုံးကိုမှေးလျှက် ပေါက်စ အိပ်ပျော်ရန်အားထုပ်လေတော့၏ ။ ခပ်အုပ်အုပ် ဆီးပင်၏ အကိုင်းအခက်တို့သည် ပေါက်စ အားလွှမ်းခြုံထားသကဲ့သို့ပါပင်ဖြစ်လေတော့သည် ။ ထိုအခိုက် ပေါက်စ၏ နားအကြားအာရုံအတွင်းသို့ အသံတစ်ခု ခပ်သဲ့သဲ့ တိုးရို့ဝင်ရောက်လာလေသည် ။
ပေါက်စသည် ရုတ်တရက်ထထိုင်လိုက်လေ၏။ သူ၏မျက်ဝန်းတို့သည်လည်း ဆီးပင်ပေါ်သို့ တပြိုင်တည်းကြည့်မိလျှက်သားပင် ။ သေချာပါသည် စောနကကြားလိုက်ရသည့်
အသံသည် "ပျားအူသံ"ပင်ဖြစ်၏။ ပေါက်စြ၏ အတွေ့အကြုံက စကားပြောချေပြီ ။ပေါက်စသိသည် ဒါ ပျားအူသံမှပျားအူသံ အစစ် ။ဒီလိုဆိုရင်ဖြင့် ဤဆီးပင်၌ ပျားအုံရှိနေပြီပေါ့။
ပေါက်စ ထိုင်လျှက်ရှာကြည့်သည် မတွေ့။ တစ်ခါ ထ၍ှဆီးပင်ပါတ်ပါတ်လည် လျှောက်လျှက်လှည့်လည်ကြည့်၏ ။ ဟော တွေ့ပါလေပြီ ဆီးပင်၏ အရှေ့တောင်ဘတ်အခြမ်း
ကိုင်းမကြီး၏ ဂွဆုံတည့်တည့်နားက တက်မလေးမှာ အုံဖွဲ့နေသော မယင်းပျားအုံကြီး စကောလောက်ပင်ရှိမည်ဟု ထင်ပါသည်။ ပေါက်စ ၀မ်းသာသွား၏။
သူ၏ မျှော်လင့်ချက်ကား ပြည့်ချေပြီ ။ အားရကျေနပ်နေမည့် ဒေါ်လေးရုံ မျက်နှာကိုလည်း ပေါက်စ တွေး၍ မြင်ယောင်မိလေ၏ ။ ပြီးတော့ မြလေးငုံ။ ကျေးဇူးတင်ရွှင်လဲ့နေသော
မျက်ဝန်းများဖြင့် ပေါက်စကို ကြည့်လေမည့် မြလေးငုံ၏ ပုံရိပ်ကိုလည်း စိတ်ကူးဖြင့် ပေါက်စ ပုံဖော်နေမိ၏။ ထိုအတွေးတို့ဖြင့် ပျားအုံကို ဖွတ်ယူရန် ပေါက်စ အားထုပ်လေတော့သည်။
အားပါးပါး အရည်လဲ့လိုက်သည့်ပျားအုံကြီးပါလား ။ ပျားလပို့နှင့်ပျားရည်တို့က မဆန့်ချင်။ပျားဖွတ်လာသည့် ကာလတစ်လျှောက် ဤတစ်ကြိမ်သည် ပေါက်စအဖို့ ပျားဖွတ်ရန်အချိန်ကောင်းကိုမှီခြင်းဖြစ်လေသည်။ အခြားမည်သည့်အကြိမ်မှ ဤမျှကောင်းမွန်သော အချိန်ကို ပေါက်စ မကြုံခဲ့ဘူး။ ဒီအတိုင်းဆိုလျှင် ဒေါ်လေးရုံ အတွက်
ပျားရည်တစ်ပုလင်း ဒီတစ်အုံတည်းနှင့်ပင်ပြည့်နိုင်လေသည်။
                  ပေါက်စ အတွေးနဲ့တွင် ပျော်ရွှင်၍ နေပါလေပြီ ။
                                                       ---------------------------------------------------------------------------------------------------
                       နေလုံးနီိနီသည် အနောက်တောင်စွန်းသို့ ငုတ်လျှိုးပုန်းကွယ်ဖို့ ကြိုးစားနေလေပြီ။
ပုဇွန်ဆီရောင်နုနုဆည်းဆာက ညောင်ပင်လှရွာလေး၏ မျက်နှာစာကို လွှမ်းခြုံဖြန်းပတ်လျှက် ။ ရွာအ၀င် အရှေ့အနောက် ၀င်းတံခါး နှစ်ဖက်စီမှ စားကျက်ပြန်
ဆိတ်၊သိုး၊နွားတို့သည် အုပ်စုဖွဲ့ကာ ရွားအတွင်းသို့ ချဉ်းနှင်းဝင်ရောက်လာခဲ့ကြသည်။ ပေါက်စသည်လည်း မျှော်လင့်ချက်ပြည့်ဝမှု၊ကြည်နူးနှစ်သိမ့်မှု၊အားရကျေနပ်မှု
တစ်ထွေးကြီးကို ရင်ဝယ်ပိုက်လျှက် ရွာဘတ်စီသို့ ခပ်စိုက်စိုက် လျှောက်နေချေပြီ ။ သူ၏အတွေးမြင်ကွင်းအာရုံခံစားမှုတို့၌ ၀င်းလတ်၍ အရည်တလဲ့လဲ့စိုနေသော
ပျားလပို့ကြီးနှင့်အတူ သူလိုချင်သော မယင်းပျားကို မရမက ရှာဖွေပေးလာသော သူ့ကိုကြည့်၍ အားရ၀မ်းသာဖြစ်နေမည့် ဒေါ်လေးရုံ၏ ရွှင်ပြုံးနေသော မျာက်နှာတို့ကို
မြင်ယောင်နေချေ၏ ။ ပြီးတော့ မြလေးငုံ ။ အမြဲတစေ သနပ်ခါးရေကျဲလေး ခပ်ပါးပါးလိမ်းကျံထားလေ့ရှိသော မြလေးငုံ ။ ညောင်ပင်လှရွာ၏ ကွန်းတောင်ကိုင်မလေး
မြလေးငုံ ။ တစ်ခါ ဤရွာ၌ သြဇာတိက္ကမ ကြီးမားလွန်းသော သူကြီးဦးဖိုမှန်နှင့်ဒေါ်ငွေရုံတို့၏ ရွှေလိုဥ၍ ပိုးနှယ်ပြုစုစောင့်ရှောက်ခဲ့ရသော တစ်ဦးတည်းသောသမီးလေး
မြလေးငုံ။ ဒေါ်လေးရုံစီ ပျားရည်သွားပို့ရင်း " သူ၏ရင်တွင်းမှ နှစ်ရှည်လများ သိမ်းဆည်းထားရသော သံယောဇဉ်တရားတို့ကို စကားအဖြစ် ဖွင့်ဟ၀န်ခံ၍
သူမသိအောင် ပြောကြားလေတော့မည်"ဟု ဘာသာတွေးလျှက် သဲ့သဲ့လေး ရင်ခုန်ကြည်နူးကာ ရွာအတွင်းသို့ ပေါက်စ ၀င်ရောက်ခြေချမိလေတော့သည်။
                       သူ၏နောက်တွင်ကား ရွာဦးကျောင်းမှ ညနေခင်းဘုရားဝတ်တက်သံတို့သည် တိုးတိုးငြိမ့်ငြိမ့် လွင့်ပျံ၍ ကျန်ရစ်ခဲ့လေတော့၏ ။
                                          -------------------------------------------------------------------------------------------------------
                       တစ်ချိန်က ကိုကြီးဆောင် ပြောသော စကားများကိုကား ပေါက်စ တစ်ယောက် မေ့လျော့နေခဲ့သည်လား-? ။
သို့မဟုတ်  မတွေးပဲထားခဲ့လေသည်လား - ? ။ ပြီးတော့ "သူ၏ကတိစကား" ။ပေါက်စ မည်သည့် အချိန်ထိ ဆွဲထားဦးမည်နည်း ။ဤသည်ကိုကား ပေါက်စမှတပါး
အခြား မည်သူမှ မသိရှိနိုင်ပေပြီ..........။ ပေါက်စ ဘယ်လို စိတ်ကူးများဖြင့် ဘ၀ကိုရှေ့ဆက်မည်နည်း...ဟူ၍သာ ဇောကပ်တွေးပူရင်း...............။


                                                                                                                                                                ပြီးပါပြီ ။       
                                                                                                                                                          မြေလတ်-မိုးစွေ ။
                                                                                                                                                 လင်းထက်နောင်(နတ်မောက်)။
                                           

နွံထဲက ဘဝ

လွဲချော်မှုတွေတစ်လှေကြီးထဲမှအားအင်ချိနဲ့စွာထွက်ပြူလာသည့်အလင်းရောင်"မျှော်လင့်ခြင်း"လို့တောင်ကင်ပွန်းတက်ပေးခဲ့မိတယ်။

ကြိုးစားတိုင်းမဖြစ်တက်တဲ့လောက မသိချင်ယောင်ဆောင်တက်လွန်းသည့်အောင်မြင်မှုက တစ်ခါတရံမှခေါင်းထောင်ပြီးလှမ်းကြည့်တက်တယ်လေ။

ဘ၀ရဲ့ပျိုမျစ်ခြင်းတွေက တစ်စတစ်စလုံးပါးပါးရင်း နှစ်ပရိစ္ဆေဒနှင့်စစ်ခင်းနေပြီ။ ခုထိခြေချစရာမြေနေရာဆိုလို့မက်မက်စက်စက်မရှိသေးတာကိုပဲကိုယ့်ကိုယ်ကိုအမြင်ကပ်လာမိတယ်။

နေရာတစ်ခုရဖို့ မက်လောက်စရာအင်အားမျိုးကို ကျနော်ဘယ်တုန်းကမှချပြီးမကြွေးဘူးသေးသလို ကိုယ်တိုင်လည်းစားသုံးခဲ့ဘူးခြင်းမရှိသေးဘူးလေ။

ဟန်ဆောင်ခြင်းတွေကိုကန့်လန့်ကာအဖြစ်သုံးပြီး လူတစ်လုံးသူတစ်လုံးဖြစ်ဖို့ရုန်းကန်နေတဲ့အသိုက်ထဲမှာ ကျနော်ရော ဘယ်လောက်ရိုးသားနိုင်မှာမို့လည်း။

ဝန်ခံပါတယ်"ကျနော့်မှာလည်းမာယာတွေနဲ့"။ ဒါပေမယ့်.....သူတစ်ပါးစည်းစိမ်ပျက်,ဘ၀ပျက်လောက်အောင်ထိကျနော်လူမှန်းသိတက်စကတည်းကယနေ့အထိမလှည့်ပါတ်ခဲ့ဖူးသေးဘူး။

အင်း...ဟန်ဆောင်ခြင်းတွေနည်းနေသေးလို့ထင်ပါရဲ့။ဘ၀ရဲ့ဖြစ်မြောက်သောအောင်မြင်မှုတိုနဲ့လည်း ကျနော်ဝေးနေဆဲပဲလေ။

မပျော်ရွှင်တဲ့ဒေသမှာ ပျော်အောင်နေတက်ဖို့,သံယောဇဉ်ကြိုးစကိုထိုးမွှသိမ်းဆည်းဖို့,ဟန်ဆောင်ခြင်းအလေ့ကိုကျနော်သိပ်သည်းစွာမသုံးစွဲနိုင်သေးသမျှ

ပေစ္စက္ခဘ၀၏အောင်မြင်ရာတို့နှင့်ကျနော်၊ကျနော်နှင့်ပေစ္စက္ခဘ၀အောင်မြင်ရာ"ဝေးကွာနေဦးမည်"ဟု ထင်ပါသည်။

                                       နေ၀င်ချိန်နှင့်နေထွက်ချိန်ပုံမှန်အရှိန်နဲ့လည်ပါတ်နေတဲ့လောကထဲ ပကတိမိုးသားမဲညို့ညို့ကိုလေဖြင့်အလွယ်တကူဖယ်ရှားရှင်းလင်းသွားစေနိုင်သော်ငြား

ပေစ္စက္ခဘ၀ထဲက နှလုံးသား၏ခံစားတက်ခြင်းမြူတိမ်ကိုတော့ လွင့်ပျယ် ပျယ်လျော့ပျောက်ကွယ်သွားအောင်သာမန်ပုဂ္ဂိုလ်တို့အနေဖြင့်အလွယ်တကူဘယ်စွမ်းဆောင်နိုင်ပါ့မလည်း။

ကျနော်....."သမုဒယအသိုက်ထဲကလူ"ပါ။ထို့ကြောင့်   သံယောဇဉ်ကြိုးကိုငင်မိပါသည်။ဘ၀ပင်လယ်ဆိုးမှာတက်ကျိုးနဲ့လည်းလှော်မိပါသည်။တိတ်တခိုးအချစ်,တူနှစ်ကိုယ်အချစ်,

တစ်ဖက်သက်ချစ် အသစ်အသစ်သောအမည်နာမတို့နှင့်ချစ်ခြင်းတရားသမုဒယနွံကြားမှာလည်းပျော်မိပါသည်။ ပြန်လာထားချန်၊ချန်ခဲ့ကျန်လွမ်း သံယောဇဉ်ယာဉ်စွန်းတန်းနဲ့ အဖော်မဲ့ဘ၀အမောတွေထဲ နွေလယ်ကဥသြလိုလည်းကျနော်လွမ်းမောမိပါသည်။ခံစားမှုတွေတသီကြီးနဲ့ဘ၀၊လိုအပ်ချက်တွေတစ်ထွေးကြီးနဲ့ခရီးအလယ်မျက်စိသငယ်နားသငယ်နှင့်ပါပဲ

ယနေ့ထိ ကျနော် လှုပ်ရှားရင်းရုန်းကန်နေဆဲပင်ဖြစ်ပါသည်။

                                 နယူတန်သည်သိက်သည်းခြင်းသဘောတရားသီအိုရီကိုအခြေပြု၍ ပန်းသီးကြွေတစ်လုံးကိုအရင်းပြုပြီး ကမ္ဘာမြေ၏စွဲငင်အားကိုဖော်ထုပ်ပြသသွားခဲ့လေသည်။

သို့ဂလို....အခြားမည်သူကများ"သမုဒယ"၏စွဲငင်အားကိုဖော်ထုပ်ပြသပေးနိုင်ဦးမည်နည်း....? ။ဤသို့တွေးတောရင်းမြတ်ဗုဒ္ဓ၏"သမုဒယသစ္စာ"တရားကိုဆင်ခြင်သုံးသက်ကြည့်

မိလေသောအခါ..........

                               လိုချင်ရာမှန်သမျှ"လောဘ"ကြောင့်ဖြစ်လာရသည့်"သမုဒယ"၊လူ့ဘ၀အတွယ်အတာကြားမှာနစ်မြုတ်နေသောကျနော့်ကိုယ် ကျနော်ပြန်တွေ့လိုက်ရတယ်လေ။

ကျနော်တစ်ဦးတည်းပဲလား...?။ အို....အများချည်းပါပဲ။ကျနော်နဲ့ခရီသွားဧည့်သည်အားလုံး လိုချင်ရာမှန်သမျှကိုမမုန်းနိုင်သေးသမျှ "သမုဒယသစ္စာ"အမှန်ကိုမြင်နိုင်ကြဦးမည်မဟုတ်

သေးပါ။ သို့ဂလို.....ဤသို့ဤနှယ်ဆင်ခြင်တွေးတောရင်း ဘ၀၏ပြည့်စုံခြင်းတွေနောက်ကိုပဲ ကျနော်လိုက်မြဲလိုက်၍နေမိလေတော့သည်........။                                  ။


                                                                                               ချစ်လွမ်းဝေ(ရွှေမျှောင်)

 

အလွမ်းစေရာ

မျက်ဝန်းတစ်ညှို့

လွမ်းဖို့ဖန်သလား

သက်ထားရယ်.....။

နှလုံးသားနွယ်

ရင်ကြိုးသွယ်အမေ့ခက်

ကွယ်....လွမ်းတတ်ခဲ့ပြန်။

အလှမ်းခက်လမ်း

လွမ်းလျှက်ကျွမ်းမြေ့

အလွမ်းပွေ့ပိုက်

လွမ်းလျှက်......လိုက်၍ပျော်ဦးမည်..။ 


ချစ်လွမ်းဝေ(ရွှေမျှောင်)